တောင်ကြီး နိုဝင်ဘာ-၂၄
တောင်ကြီးမြို့ကျက်သရေဆောင် ရွှေဘုန်းပွင်းစေတီတော်မြတ်ကြီး မူလ ရွှေထီးတော်မြတ်အား စံနန်းဆောင်ပင့်ဆောင်ခြင်း မဟာမင်္ဂလာအခမ်းအနားကို နိုဝင်ဘာလ (၂၄) ရက်၊ နံနက်(၇)နာရီက ရွှေဘုန်းပွင်းစေတီတော်ဓမ္မရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် ဆရာတော်၊ သံဃာတော်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး တောင်ကြီးမြို့၊ ကံသာရပ်ကွက်နိုင်ငံတော် သြဝါဒါစရိယ၊ စွန်းလွန်းဂူကမ္မာဋ္ဌာန်း ကျောင်းတိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာ ပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ပရိတ်ရေ၊ ပရိတ်ပန်း၊ ပရိတ်ချည်တို့ကို သံဃာတော်များထံ ဆက်ကပ် လှူဒါန်းပေးပြီး ဆရာတော်၊ သံဃာတော်များထံမှ အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြည်ညိုကြ၍ ဥပတကာများမှ ပရိတ်ရေ၊ ပရိတ်ပန်း၊ ပရိတ်ချည်တို့ကိုယူဆောင်၍ စေတီတော်ဝတ္ထုကံနယ်မြေအတွင်း အရှေ့အရပ်မှ စတင်ကာလင်္ကျာရစ် ပက်ဖျန်းချည်နှောင် ကာ အရံအတားပြုလုပ်ပေးပြီး ဆရာတော်၊ သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ်က နဝကမ္မအလှူငွေများ ဆက်ကပ် လှူဒါန်းပေးကြောင်းသိရသည်။
၎င်းနောက် ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ တောင်ကြီးမြို့၊ သိမ်တောင် ပရိယတ္တိစာသင်တိုက် ဦးစီးပဓနာနာယကဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တတေဇဝန္တထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုတ်သိမ်းပြီး မူလရွှေထီးတော် အား စံနန်းဆောင်သို့ ပင့်ဆောင်ပူဇော် ခွင့်ပြုပါရန် ခွင့်တောင်းပန်ကြားခြင်း ဆောင်ရွက်၍ ဝေါယာဥ်ဖြင့် ထီးတော်အားစံနန်းဆောင် သို့ ပင့်ဆောင်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မူလရွှေထီးတော်နေရာတွင် ထီးဖြူတော်ဖွင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့