နောင်တရား ဒီဇင်ဘာ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများ၌ နွေရာသီရေသွင်းစိုက်ပျိုးရေးစနစ်တွင် ဒီဇယ်လောင်စာဆီ သုံးစွဲမှုကိုလျှော့ချနိုင်ရန်အတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်က ဒီဇယ်လောင်စာဆီအစား လျှပ်စစ် နည်းပညာဖြင့် ရေသွင်းစိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက် နိုင်ရန် ဒီဇင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် မြေပြင်ကွင်းဆင်းကြည့်ရူ့ခဲ့သည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်က နောင်တရားမြို့ အနီး ထီပနန်တစ်ဖက်ပိတ်ရေကန်သို့ သွားရောက်ကြည့်ရူကာ နွေရာသီစိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေသည့် တောင်သူများနှင့် တွေ့ဆုံပြီး ဒီဇယ်လောင်စာဆီအသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေ မှုအခြေအနေနှင့် လျှပ်စစ် သို့မဟုတ် ဆိုလာစနစ်နည်းပညာအသုံးပြု၍ ရေသွင်းစိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများကို ဆွေးနွေးသည်။
ထီပနန်တစ်ဖက်ပိတ်ကန် ပတ်ဝန်းကျင်တွင် နွေရာသီ၌ ရေသွင်းစိုက်ပျိုးနိုင်သည့် ဧကပေါင်း(၃၀၀)ကျော်ရှိပြီး တစ်လုံးထိုးဒီဇယ်လောင်စာဆီသုံး အင်ဂျင်ဖြင့် ရေသွင်းစိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်လျက်ရှိသည်။ အဆိုပါဒီဇယ်လောင်စာဆီသုံး အင်ဂျင်စ်လုံး တွင် တစ်ရက်လျှင် ဒီဇယ် ငါး ဂါလံအသုံးပြု၌ ရေးသွင်းစိုက်ပျိုးရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ စိုက်မြေဧကအတွက် တစ်လုံးထိုးဒီဇယ်အင်ဂျင် စုစုပေါင်း (၄၀၀) ကျော်အသုံးလျက်ရှိသည်။ နွေရာသီရေသွင်းစိုက်ပျိုးရေးလုပ်ငန်းအတွက် ရက်ပေါင်း (၉၀) ရက်အတွင်း ဒီဇယ်လောင်စာဆီ ဂါလံပေါင်း (၉၀၀၀)ကျော်အသုံးပြုနေရသည်။ လျှပ်စစ်နည်းပညာကို အသုံးပြုနိုင်ပါက ဒီဇယ်လောင်စာဆီအသုံးပြုခြင်းကို လျှော့ချနိုင်ပြီး နွေရာသီစိုက်ပျိုးရေးလုပ်ငန်းအတွက် စိုက်ပျိုးရေးကုန်ကျစရိတ်များကိုလည်း လျော့ချနိုင်မည် ဟုသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး