ကလော ဇန်နဝါရီ-၁၁
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်း သဘာဝဘေး အန္တရာယ် ကြောင့် ကလောခရိုင်၊ ကလောမြို့နယ် နေအိမ်ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် ရွှေမင်းဖုန်းကျေးရွာအုပ်စုမှ ပြည်သူ(၅၁၇)ဦးအနက် ငွေများပေးအပ်ရန်ကျန်ရှိသည့် သဘာဝဘေးသင့်ပြည်သူ( ၂၂၂ )ဦးအတွက် ငွေပေးအပ်ပွဲကို ဇန်နဝါရီလ(၁၁)ရက်၊ နံနက် ( ၁၁ )နာရီခွဲက ရွှေမင်းဖုန်းကျေးရွာအုပ်စု၊ ရွှေမင်းဘုံရပ် အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကလောမြို့နယ် ညောင်ကုန်းကျေးရွာအနီး သဘာဝဘေးဒဏ်ကြောင့် မြေပြိုကျနေမှုအား ကြည့်ရှုရာ ကလောမြို့နယ် သစ်တောဦးစီးဌာန တာဝန်ရှိသူတစ်ဦးမှ မြေပြိုကျမှုများ ထိန်းသိမ်းနိုင်ရန်အတွက် လှေခါးထစ်တောင်ယာ စနစ်ဖြင့်စိုက်ပျိုးပေးနိုင်ရန်လိုအပ်မှုနှင့် ဒေသနှင့်ကိုက်ညီသည့် သစ်ပင်များ စိုက်ပျိုးပေးရန် လိုအပ်မှုများ အား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး အာရှကမ္ဘာမြေသတ္တုတူးဖော်ရေးကုမ္ပဏီရှုရပ်မှ ရေကြီးနစ်မြုပ်နေမှု အခြေအနေများအား ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည် ရွှေမင်းဖုန်းကျေးရွာအုပ်စု၊ ရွှေမင်းဘုံရပ် အခြေခံပညာအလယ်တန်းကျောင်း၌ကျင်းပသည့် သဘာဝဘေးဒဏ်ကြောင့် နေအိမ်ထိခိုက် ပျက်စီးဆုံးရှုံး သွားသည့် ရွှေမင်းဖုန်းကျေးရွာအုပ်စု ပြည်သူ(၅၁၇)ဦး အနက်မှ ငွေများပေးအပ်ရန် ကျန်ရှိသည့် ပြည်သူ (၂၂၂)ဦးကို ငွေများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အားပေး စကားပြောကြားရာ ပျက်စီးဆုံးရှုံး သွားသောပြည်သူများ၏ နေအိမ်အတွက် နိုင်ငံတော်မှ ငွေများလာရောက် ပေးအပ်ရခြင်းဖြစ်ပါကြောင်း၊ ကလောမြို့ရှိ ရပ်မိရပ်ဖများနှင့် တာဝန်ရှိသူများကလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လာရောက်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပရဟိတအဖွဲ့များကလည်းလာရောက် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ သဘာဝ ဘေးသည် ရှမ်းပြည်နယ်အပါအဝင် ဒေသအချို့တွင်ဖြစ်ပွားခဲ့ပြီး နိုင်ငံတော်ကလည်း မိမိတို့ရှမ်းပြည်နယ် အစိုးရအဖွဲ့ကို ရေကြီးသည်နေရာများကိုရောက်ရှိအောင် သွားရောက်ရန် မှာကြားခဲ့ပါ ကြောင်း၊ ရာဂီမုန်တိုင်းအရှိန်ကြောင့် ပျက်စီးသွားသောနေအိမ်များအတွက် နိုင်ငံတော်က ငွေများပေးအပ် ခြင်း ဖြစ်ပြီး စေတနာရှင် အလှူရှင်များကလည်း ထည့်ဝင်ပေးအပ်ခြင်းလည်း ဖြစ်ပါကြောင်း၊ သစ်တော၊ သစ်ပင်မပြုန်းတီးစေရန် ဒေသနေပြည်သူအားလုံးက သစ်ပင်စိုက်ပျိုးပေးရန် လိုအပ်ပါကြောင်း၊ လက်ရှိကျန် ရှိနေသည့် ရေများအတွက် ရေထွက်ပေါက်ရရှိအောင် သက်ဆိုင်ရာဌာနများ နှင့်ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်ပေးရန် လာရောက်ခြင်းလည်းဖြစ်ပါကြောင်း၊ပြည်သူအားလုံးက ပါဝင်၍ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ပေးကြရန်လိုအပ်ပါကြောင်း၊လာမည်နှစ်များတွင်လည်း ယခုလို အဖြစ်မျိုး မခံစားရအောင် မည်ကဲ့သို့ဆောင်ရွက်ရမည့်ကို အားလုံးကကြိုတင်ပြင်ဆင်ထားကြရန် လိုအပ်ပါကြောင်း၊ ပြည်သူများ အနေဖြင့်အခက်အခဲရှိပါက တင်ပြပေးကြရန်နှင့် ဒေသဖွံ့ဖြိုးရေးအတွက်လည်း အကြံပြုချက်များ တင်ပြ ပေးကြရန် ပြောကြားသည်။
ထို့နောက် နေအိမ်ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် ပြည်သူများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကလောမြို့ ကလောတပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်ကျော်ဟန်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ငွေများအသီးသီး ပေးအပ်ခဲ့ကြပြီး နေအိမ်ထိခိုက်ပျက်စီး ဆုံးရှုံး သွားသည့် ပြည်သူ(၂၂၂)ဦး၏ကိုယ်စား ကလောမြို့နယ် ရွှေမင်းဖုန်း ကျေးရွာအုပ်စုဦးထွန်းလှိုင်မှ ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ရွှေမင်းဖုန်းကျေးရွာရှိပြည်သူများနှင့်တွေ့ဆုံရာ ပြည်သူများက လက်ရှိဒေသအခြေအနေများကိုတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ရေထွက်ပေါက်ဆောင်ရွက်မည့် နေရာအားသွားရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုအပေါ် လိုအပ်သည်များကို ပေါင်းစပ်ဖြည့်စွက် မှာကြား၍ ရေတင်ကျန်နေသည့်နေရာနှင့် ယခင် ရေထွက်(ထူးပေါက်)ရှိခဲ့သည့် နေရာတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါ ရာဂီမုန်တိုင်းအရှိန်ကြောင့်ရေကြီးနစ်မြုပ်ခဲ့သည့် ကလောခရိုင်အတွင်း ရေဘေးတွေ့ကြုံ ခဲ့ရသည့် ရွှေမင်းဖုန်းကျေးရွာအုပ်စုမှ ပြည်သူ (၅၁၇) ဦး အတွက် နိုင်ငံတော်မှ ငွေသိန်းပေါင်း ကိုးထောင့် လေးဆယ့်ခုနှစ်သိန်းငါးသောင်း(၉၀၄၇၅၀၀၀၀) ကျပ် ပေးအပ်ခဲ့ပြီး ကလောခရိုင် တစ်ခရိုင်လုံး အနေဖြင့် ရေဘေးသင့် လုံးဝပျက်စီးနေအိမ် (၂၇၉) အိမ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁၁၁၅၈) အိမ်အတွက် နိုင်ငံတော်မှ စုစုပေါင်းကျပ်သန်း (၃၂၈၉.၈၅)သန်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေမင်းဘုံရပ်၊ အခြေခံပညာ အလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများအား တွေ့ဆုံ၍ ကျောင်းအုပ် ဆရာမကြီးမှ ကျောင်း၏လိုအပ်ချက် များ တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်ကပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရးရုံးမှညွန်ကြားရေးမှူးမှ ၂၀၂၄-၂၀၂၅ ပြည်ထောင်စု ရန်ပုံငွေဖြင့် ကလောမြို့နယ်၊ ကလောမြို့ရပ်ကွက် ၈ မှ တာယော-ရွာသစ်-ညောင်ကုန်း-ရွှေမင်းဖုန်းအလယ်ရွာ- ဆော်တောရွာတောင်ပဲ့ကျေးရွာ သွားလမ်းဆောင်ရွက်ထားရှိမှုများအား ရှင်းလင်း ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့