ကျောက်တလုံး ဖေဖေါ်ဝါရီ-၁၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရာဂီမုန်တိုင်းကြောင့် ပျက်စီးသွားသော နွေစပါးသီးနှံများအား ပြန်လည်စိုက်ပျိုးရန် ရွှေအပ်၊ ရွှေရင်အေး မျိုးစပါးများပေးအပ်ခြင်းကို ဖေဖေါ်ဝါရီ(၁၅)ရက် နံနက်(၉)နာရီက ကျောက်တလုံးကြီးမြို့၊ အသုံးတော်ကျေးရွာအုပ်စု၊ တွန့်ပုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
မျိုးစပါးပေးအပ်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ကျောက်တလုံးကြီးမြို့နယ်အတွင်းရှိ ရာဂီမုန်တိုင်းကြောင့် ရေမြုပ်ထိခိုက်ပျက်စီးသွားသည့်အတွက် မျိုးစေ့များ လာရောက်ပေးအပ်ခြင်း ဖြစ်ပါကြောင်း၊ ရာဂီမုန်တိုင်းကြောင့် စိုက်ဧကပေါင်း(၅)သောင်းကျော် ပျက်စီးခဲ့ပါကြောင်း၊ ထိခိုက်ပျက်စီးသွားသည့် လယ်မြေများပေါ်တွင် ပြန်စိုက်ပျိုးနိုင်ရန် ဆောင်းသီးနှံနှင့် နွေစပါးကိုမျိုးများ ပေးအပ်ရခြင်းဖြစ်ကြောင်း၊ ထိခိုက်ခဲ့သည်နေရာများတွင် စိုက်ပျိုးခြင်းမရှိပါက တောင်သူများ ဝင်ငွေမရရှိနိုင်ကြောင်း၊ ဆုံးရှုံးမှုများရှိခဲ့သောကြောင့် ပြန်လည်စိုက်ပျိုးရန်အတွက် မျိုးအခက်အခဲများရှိနေသည်ကို စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းကြည့်ရှု၍ သိရှိရသည့်အတွက် လာရောက်၍မျိုးစပါးများ ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချိုနိုင်ထွန်းက မျိုးစပါးပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြီး ပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးထွန်းထွန်းဦးက နမ့်တစ်ဘက်ချောင်းနှင့်ပတ်သက်၍ ရှင်းလင်းကြကြောင်း သိရသည်။
ထိုနောက် မျိုးစပါးရွှေအပ်၊ ရွှေရင်အေးစပါးများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့ကပေးအပ်ရာ အသုံးတော်၊ နားဟီး၊ ကက္ကူကျေးရွာမှ တောင်သူများက အသီးသီးလက်ခံရယူပြီး တောင်သူများကိုယ်စား တောင်သူ နန်းခမ်းပိုင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိဂုံးချုပ်စကားပြောကြားပြီး တောင်သူများမှ ဒေသလိုအပ်ချက်များတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါရာဂီမုန်တိုင်းကြောင့် ပျက်စီးသွားသော နွေစပါးသီးနှံများအား ပြန်လည်စိုက်ပျိုးရန် မျိုးစပါးပေးအပ်ပွဲတွင် ကျေးရွာသုံးရွာဖြစ်သည့် အသုံးတော်၊ နားဟီး၊ ကက္ကူကျေးရွာတောင်သူ (၉၉)ဦး၊ ရွှေရင်အေး(၂၄၆)အိတ်၊ ရွှေအပ်(၂၄၂)အိတ် စုစုပေါင်း(၄၈၈)အိတ် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှမ်းရိုးမမွေးမြူရေးဇုန်(၂)သို့ သွားရောက်ရာ ရှမ်းရိုးမမွေးမြူရေးဇုန်(၂)အဝင်လမ်း ကွန်ကရစ်(၁/၀)မိုင် ခင်းခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ပြည်နယ်သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးသန့်မှ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှမ်းရိုးမမွေးမြူရေးဇုန်(၂) ဥစားကြက်မွေးမြူရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံရာ ရှမ်းပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာကောင်းမြတ်ဟိန်းမှ ရှမ်းရိုးမမွေးမြူရေးဇုန်(၂) အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြပြီး ရှမ်းရိုးမမွေးမြူရေးဇုန်(၂) ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒေါက်တာစိုင်းလုံမှ ဇုန်ရှိကြက်ခြံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မြေအသုံးချမှုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ရန်နှင့် ရေရှည်သွားရမည့်လုပ်ငန်းဖြစ်၍ စနစ်တကျရှိရန်လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများကလည်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြရန်၊ လုပ်ငန်းရှင်များကလည်း အခက်ခဲများရှိပါက တင်ပြပေးကြရန်နှင့် အကြံပြုချက်များတင်ပြပေးမှသာ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် ရှမ်းရိုးမမွေးမြူရေးဇုန်(၂)ရှိ လုပ်ငန်းရှင်များမှ အခက်အခဲများကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းရှင်များမှ တင်ပြချက်ကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ လျှပ်စစ်မီးလိုအပ်ချက်တွင် ဆိုလာမီးစနစ်ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ကုမ္ပဏီများနှင့် ဆက်သွယ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဇုန်ရှိလုပ်ငန်းရှင်များကလည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်၊ အခက်အခဲများကို ဝိုင်းဝန်းဖြေရှင်းပေးသွားမည် ဖြစ်ကြောင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှမ်းရိုးမမွေးမြူရေးဇုန်(၂)အတွင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သိရှိရသည်။
အဆိုပါ ရှမ်းရိုးမမွေးမြူရေးဇုန်(၂)တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့သည့် ၂၀၁၆မှ ၂၀၂၄ခုနှစ်မတ်လအထိ လုပ်ငန်းဆောင်ရွက်သူ(၂၆)ဦး မွေးမြူလုပ်ကိုင်ပြီး လက်ရှိမွေးမြူရေး ကြက်ရုံ(၇၂)ရုံနှင့် ဝက်ရုံ(၆)ရုံ စုစုပေါင်း(၇၈)ရုံ၊ လက်ရှိဥစားကြက်ကောင်ရေစုစုပေါင်း ၃၉၁၈၂၇ကောင်၊ ဥကြက်မကြီး ၃၇၀၇၉၇ကောင်၊ ဥစမ်းကြက်ငယ် ၂၁၀၃၀ကောင် မွေးမြူကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး