တောင်ကြီး သြဂုတ်-၁၇
အားကောင်းသော “မိုခါ” မုန်တိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ ဒေသများတွင် ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ယခုအခါ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သြဂုတ်(၁၇)ရက် နံနက်(၇)နာရီက ရခိုင်ပြည်နယ် လေဘေးသင့်သည့်နေရာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပါဝင်ဆောင်ရွက်မည့် ရှမ်းပြည်နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက တွေ့ဆုံ၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက မုန်တိုင်းဒဏ်သင့်ခဲ့သည့် ရခိုင်ပြည်နယ်တွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အင်အားများလိုအပ်သောကြောင့် မီးသတ်တပ်ဖွဲ့ အနေဖြင့် ရှမ်းပြည်နယ်ကိုယ်စားပြု သွားရောက်မည်ဖြစ်သည့်အတွက် လုပ်ငန်းတာဝန်ပြီးဆုံးသည်အထိ ထိခိုက်မှုမရှိဘဲ အန္တရာယ်မရှိအောင် ဂရုစိုက်ဆောင်ရွက်ကြရန်၊ ကျန်းမာရေးဂရုစိုက်ကြရန် ပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်တွင် “မိုခါ”မုန်တိုင်း လေဘေးသင့်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ သွားရောက်ကူညီမည့် ရှမ်းပြည်နယ် မီးသတ်တပ်ဖွဲ့ဝင်(၇၀)ဦးအား ပြည်နယ်ဝန်ကြီးချုပ်က အားပေးစကားပြောကြား၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ငွေကျပ်(၃၅)သိန်းကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးအပ်ရာ အဖွဲ့ခေါင်းဆောင် တစ်ဦးမှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်း လေဘေးသင့်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေး၌ အသုံးပြုမည့် ပစ္စည်းကိရိယာများအား ကြည့်ရှုကြသည်။
ထို့နောက် ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်း လေဘေးသင့်ဒဏ်ကြောင့် ပျက်စီးသွားသည့် နေရာများ၌ ပြန်လည်ထူထောင်ရေးအတွက် သွားရောက်ကူညီမည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၄) ရဲလေ့ကျင့်ရေး သင်တန်းကျောင်း(တောင်လေးလုံး)မှ ရဲတပ်ဖွဲ့(၂၇၄)ဦးအား ပြည်နယ်ဝန်ကြီးချုပ်က အားပေးစကားပြောကြား၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်သိန်း(၁၀၀)ကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးကလည်းကောင်း၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ထောက်ပံ့ငွေ ကျပ်သိန်း(၁၀)အား ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်တင်ကိုကိုက ပေးအပ်ရာ အဖွဲ့ခေါင်းဆောင်တစ်ဦးမှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းဒဏ်ကြောင့် လေဘေးသင့်နေရာများ၌ ပြန်လည်ထူထောင်ရေးအတွက် သွားရောက်ကူညီမည့် ရဲတပ်ဖွဲ့ဝင်များ ယာဉ်ပေါ်တက်ရောက်ထွက်ခွာနေမှုအား လိုက်လံနှုတ်ဆက်ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး