တောင်ကြီး ဇူလိုင်-၂၉
မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း၏ ၂၀၂၂-၂၀၂၅ခုနှစ် ဒုတိယအကြိမ် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးကို ဇူလိုင်(၂၉)ရက် နံနက်(၉)နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (SSSCCI)၌ ကျင်းပသည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက မြန်မာနိုင်ငံ ပြောင်းလုပ်ငန်း အသင်းအနေဖြင့် ဒုတိယအကြိမ် အသင်းသား စုံညီအစည်းအဝေးကြီးကို ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်စက်မှု အသင်းရုံးကြီးမှာ လာရောက်ကျင်းပဆောင်ရွက်သည့်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထားသည့် နိုင်ငံဖြစ်ပြီး ပြောင်းသီးနှံသည် စိုက်ပျိုးရေး ထွက်ကုန်များထဲမှ အရေးကြီးသည့် ထွက်ကုန်သီးနှံတစ်မျိုးဖြစ်ပါကြောင်း၊ ပြောင်းသီးနှံများထွက်ရှိပြီး ပြည်တွင်းစားသုံးမှု ဖူလုံရုံသာမက ပြည်ပသို့ ပို့ဆောင်နိုင်သည့်အတွက် နိုင်ငံ၏ ဝင်ငွေတိုးပွားစေခြင်းဖြင့် ပြောင်းစိုက်တောင်သူများနှင့် ကုန်သည်အားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုကြောင်း၊ ပြောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်ရာတွင် အရည်အတွက်ထက် အရည်အသွေး ကောင်းသည့် သီးနှံများရရှိရေးအတွက် လိုအပ်သည့် သွင်းအားစုများ၊ မျိုးကောင်းမျိုးသန့်များ ရရှိရန် လိုအပ်သလို စိုက်ပျိုးရေးနည်းစနစ်သည်လည်း စနစ်ကျရန် အရေးကြီးသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ တာဝန်ရှိသူများအနေဖြင့် ပြောင်းအသင်းဝင်များမှ အခြေခံပြီး ပြောင်းစိုက်တောင်သူ တစ်ရပ်လုံး မျိုးကောင်းမျိုးသန့်ရရှိရေး၊ အရည်အသွေးမှန်ကန်သည့် သွင်းအားစု ဖြန့်ဖြူးသည့် လုပ်ငန်းရှင်းများနှင့် ဆက်သွယ်ဆောင်ရွက်ပြီး ပူးပေါင်းလုပ်ဆောင်ကြစေလိုကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြောင်းလုပ်ငန်းရှင်အသင်းဝင်များ၏ လိုအပ်ချက်များရှိလာပါက တင်ပြတောင်းခံကြရန်လည်း ဖိတ်ခေါ်မှုရှိသလို ကူညီထောက်ပံ့ဆောင်ရွက်ပေးရန်လည်း အသင့်ရှိပါကြောင်း၊ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းဝင်များအနေဖြင့် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများ စနစ်များကို လိုက်နာခြင်းဖြင့် နိုင်ငံတော်နှင့် လုပ်ငန်းရှင်များ ပူးတွဲပြီး တက်ညီလက်ညီ ဆောင်ရွက်ကြမည်ဆိုပါက သာယာဝပြောသည့် ခေတ်မီနိုင်ငံတော်ကြီးတစ်ခုအဖြစ် ရပ်တည်နိုင်မှာဖြစ်ကြောင်း ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရန် ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းဥက္ကဋ္ဌ ဦးအေးချမ်းအောင်မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဂုဏ်ထူးဆောင် နာယက ဦးမင်းခိုင်မှ အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းမှ ကျေးဇူးတင်စကားပြောကြား၍ ရှမ်းပြည်နယ် (တောင်ပိုင်း) ပြောင်းလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဒေါက်တာကြည်လွင်မှ အမှာစကားပြောကြားခြင်းနှင့် မြန်မာနိုင်ငံ ပဲ-နှမ်းအသင်းဥက္ကဋ္ဌ ဦးထွန်းလွင်နှင့် ဘုရင့်နောင်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်ဦးတို့က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း၏ ၂၀၂၂ -၂၀၂၅ခုနှစ် ဒုတိယအကြိမ် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးတွင် ခန်းမအပြင်ဘက်၌ ပြောင်းလုပ်ငန်းနှင့်ပတ်သက်သည့် ပြောင်းချွေစက်၊ ပြောင်းရိုက်စက်၊ ပြောင်းသယ်ဆောင်နိုင်ရန် တွဲကားယာဉ်များ ပြသထားကြောင်း သိရသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ မင်းကျောင်း ဘုန်းတော်ကြီးကျောင်း၌ ကယားပြည်နယ် မယ်စဲ့မှ တိုက်ပွဲရှောင် ပြည်သူများ နေ့လည်စာ စားသုံးနေမှုကို ကြည့်ရှု၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။အဆိုပါ ကယားပြည်နယ် မယ်စဲ့ တိုက်ပွဲရှောင်ပြည်သူ(၁၅၀)ဦးရှိသည့် အနက် အချို့(၂၃)ဦးမှာ တောင်ကြီးမြို့ ဆွေမျိုးရှိရာတွင် သွားရောက်နေထိုင်လျက်ရှိကြောင်းသိရှိရသည်။တိုက်ပွဲရှောင်ပြည်သူများသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်မှမော်တော်ယာဥ်ဖြင့် ထွက်ခွာလာရာ ၂၀၂၃ခုနှစ် ဇူလိုင်လ(၂၈)ရက်နေ့တွင် တောင်ကြီးခရိုင် ၊ တောင်ကြီးမြို့သို့ ရောက်ရှိလာပြီး ဇူလိုင်လ(၂၉)ရက်နှင့် (၃၀)ရက်နေ့များတွင် နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး