တောင်ကြီး အောက်တိုဘာ-၈
ရှမ်းပြည်နယ်(တောင်ပိုင်း) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တောင်ကြီးခရိုင် လူထုအခြေပြု ဗဟိုဌာန (Community Centre)တွင် အောက်တိုဘာ(၇)ရက် မွန်းလွဲ နာရီ၂ ကသက်ကြွယ်တွေ့ဆုံပွဲ ကျင်းပကြောင်းသိရသည်။
တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက သက်ကြွယ်တွေ့ဆုံပွဲကို ကျင်းပ ဆောင်ရွက်ခြင်းသည် သက်ကြီးရွယ်အိုများ (သက်ကြွယ်များ)အိမ်ထဲတွင်သာနေရ၍ အသွားအလာ လှုပ်ရှားမှု မရှိ၊အထီးကျန် စိတ်အားငယ်မှု လျော့ပါးကင်းဝေးစေရန် ဖြစ်ပါကြောင်း၊ ငယ်ပေါင်း မိတ်ဆွေဟောင်းများနှင့် ပြန်လည် ဆုံစည်းနိုင်စေရန်၊ မိတ်ဆွေသစ်များ တိုးပွားရရှိနိုင်စေရန်၊ သက်ရှိထင်ရှား ရှိသူများ သတင်း ဖလှယ် နိုင်စေရန်၊ ရှေးဟောင်းနှောင်းဖြစ်များ ပြန်လည်သတိရ ပြောဆို စကားဝိုင်းဖွဲ့ခြင်းဖြင့် စိတ်ဖိစီးမှု ကင်းဝေး၍ လန်းဆန်း တက်ကြွစေရန် ရည်ရွယ်ချက်များနှင့် ကျင်းပခြင်းဖြစ်ပါကြောင်း၊ သက်ကြွယ်တွေ့ဆုံပွဲကို ပထမအကြိမ် (၄၈)ဦးနှင့် စတင်ကျင်းပခဲ့ပြီး ဒုတိယအကြိမ်တွင်(၅၀)ဦး၊ တတိယအကြိမ်ကို(၈၀)ဦး၊ စတုတ္ထအကြိမ်ကို(၁၀၀)ကျော်၊ ပဥ္စမအကြိမ်တွင်(၁၂၀)ဦးကျော်နှင့် ဆဌမအကြိမ်ကို စက်တင်ဘာ(၂)ရက် နေ့ကလူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပြီး ယခုသတ္တမအကြိမ်မြောက် သက်ကြွယ်တွေ့ဆုံပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် အနေဖြင့် တက်ရောက်အားပေးခြင်း ဖြစ်ပါကြောင်း၊ နောင် သက်ကြွယ်တွေ့ဆုံပွဲကို လစဥ်လ၏ ပထမပတ် စနေနေ့တိုင်း ကျင်းပမှာ ဖြစ်ကြောင်း သိရသည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သက်ကြွယ်များအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများကို တတ်နိုင်သည့် နေရာက ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒေါက်တာဘသိန်းဝင်း (သက်ကြွယ်အဖွဲ့)က သက်ကြွယ်အဖွဲ့ ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းတင်ပြပြီး ဘာသာအလိုက် ဆုတောင်းခြင်းဆောင်ရွက်၍ ဦးစိုင်းအေး (သက်ကြွယ်အဖွဲ့) က သက်ကြွယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဥ်း၍ တင်ပြကြသည်။
ထို့နောက် သက်ကြွယ်များက Welcom Song သီချင်းသီဆို၍ အသက်(၉၀)ကျော် သက်ကြွယ်များအား ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ပန်းကုံးဖြင့် ချီးမြှင့်ပေးကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်တို့က သက်ကြွယ်အဖွဲ့အား ထောက်ပံ့ငွေ ပေးအပ်ကြရာ တာဝန်ရှိသူများမှ လက်ခံရယူကြပြီး အသက်(၆၀)ဝန်းကျင် သက်ကြွယ်များအား ကြိုဆို၍ အောက်တိုဘာလ မွေးနေ့ရှင်များမှ မွေးနေ့သီချင်းဖြင့် သီဆိုဂုဏ်ပြုကြပြီး သက်ကြွယ်အဖွဲ့မှ ရှမ်းရိုးမက တို့တတွေသီချင်း စုပေါင်းသီဆို ကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး