တောင်ကြီး ဒီဇင်ဘာ-၁၈
ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဥ် (၅/၂၀၂၄)နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဥ် (၅/၂၀၂၄)ကို ဒီဇင်ဘာလ(၁၈)ရက်၊ နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပြည်သူများတင်ပြလာသည့် မြေယာကိစ္စရပ်များနှင့် မြေလွတ်၊ မြေရိုင်းလုပ်ကိုင်ခွင့်ကိစ္စများကိုလည်း အဖွဲ့ဝင်များမှ တင်ပြလာသည့်လုပ်ငန်းအမျိုးအစားအလိုက် ခွင့်ပြုသင့်/ မသင့်အကြံပြု ဆွေးနွေးပေးကြရန် ပြောကြားလိုကြောင်း၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီအနေဖြင့် လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ မြေလွတ်၊ မြေရိုင်းဥပဒေ၊ နည်းဥပဒေနှင့်အညီ ခွင့်ပြုပေးနိုင်သည့်ကိစ္စရပ်များကို အမြန်ဆုံး ဆုံးဖြတ်ပြီး ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားရယူခွင့်ပြုပေးသလို ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့နှင့် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီသို့ ဆက်လက်တင်ပြ ရမည့်ကိစ္စရပ်များကို အမြန်ဆုံးစိစစ်ထောက်ခံတင်ပြဆောင်ရွက်လျက်ရှိသည်ကို ပြောကြား လိုကြောင်း၊ လယ်ယာမြေနှင့် မြေလွတ်၊ မြေရိုင်းများအပေါ်တွင် အခြားနည်းအသုံးပြုခွင့် ခွင့်ပြုပေးနိုင်ရန် လျှောက်ထားလာမှုများအပေါ် ပြည်သူများအမှန်တကယ် အကောင်အထည် ဖော်လိုသည့် လုပ်ငန်းအပေါ်မူတည်ပြီး မြေပြင်မှာအမှန်တကယ် ဆောင်ရွက်နိုင်သည့် ပမာဏကို စိစစ်ထောက်ခံတင်ပြခြင်း၊ ခွင့်ပြုပေးခြင်းများဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ခွင့်ပြုထားသည့် လုပ်ငန်းများကိုလည်း သတ်မှတ်ကာလအတွင်း သတ်မှတ်ခွင့်ပြုထားသည့်နည်းလမ်းများအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ လယ်ယာမြေစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့အစည်းအဝေး အမှတ်စဥ်(၄/၂၀၂၄) ဆုံးဖြတ်ချက်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီအစည်းအဝေး အမှတ်စဥ်(၄/၂၀၂၄)ဆုံးဖြတ်ချက်များအား ဖက်ကြားအတည်ပြုပြီး ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဥ်(၅/၂၀၂၄)တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်ခြင်းနှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီအစည်းအဝေး အမှတ်စဥ် (၅/၂၀၂၄) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်၍ အထွေထွေဆွေးနွေးကာ ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့