တောင်ကြီး မေ-၂၉
၂၀၂၄ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒို၊ ရေကူးနှင့် တိုက်ကွမ်ဒို ပြိုင်ပွဲများသို့ သွားရောက်ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ် အမျိုးသား၊ အမျိုးသမီး အသင်းတို့အား အောင်နိုင်ရေးအလံ ပေးအပ်ခြင်းကို မေ(၂၉)ရက် နံနက်(၉)နာရီ က တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်မည့် ဂျူဒို၊ ရေကူး၊ တိုက်ကွမ်ဒို အသင်းများမှ အားကစားသမားများက တစ်ဦးချင်း မိတ်ဆက်ကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲများသို့ သွားရောက် ယှဥ်ပြိုင်ကြမည့် ရှမ်းပြည်နယ် ကိုယ်စားပြု အားကစားသမားများအနေဖြင့် အနိုင်မခံ အရှုံးမပေးသော ဇွဲစိတ်ဓာတ်ရှိမှု၊ အားကစားစည်းမျဥ်းဥပဒေများကို တသွေမတိမ်း လိုက်နာရသည့် စည်းကမ်းသေဝပ်မှု၊ တရားသောယှဥ်ပြိုင် အနိုင်ရမှု ကို ကျင့်သုံးသော သဘောထားဖြူစင်မှု၊ ကြံရည်ဖန်ရည်ကို အားကိုးအားထားပြုရသည့် ဥာဏစွမ်းအား ကောင်းမှု မိမိအသင်းများနှင့် စည်းလုံးညီညွတ်စွာ နားလည်မှုယူရသည့် ပူးပေါင်းဆောင်ရွက် တတ်မှုစသည့် ကာယ၊ ဥာဏ၊ စာရိတ္တနှင့် မိတ္တစွမ်းရည်များကိုပါ ဘက်စုံတိုးတက်စေပါကြောင်း၊ ဂျူဒို၊ ရေကူးနှင့် တိုက်ကွမ်ဒို ပြိုင်ပွဲများသို့ ဝင်ရောက်ယှဥ်ပြိုင်ကြမည့် ကစားသမားများအနေဖြင့် အထက်ပါအချက်များကို လက်ခံကျင့်သုံးပြီး အားကစား၏ အဓိပ္ပာယ်ကို ပေါ်လွင်အောင် အလေးထားယှဥ်ပြိုင်ကြရန် ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဂျူဒို၊ ရေကူးနှင့် တိုက်ကွမ်ဒိုအသင်းများအား အောင်နိုင်ရေး အလံနှင့် ထောက်ပံ့ငွေများ ပေးအပ်ရာ အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများမှ လက်ခံရယူပြီး ဂျူဒို၊ ရေကူး၊ တိုက်ကွမ်ဒို အားကစားနည်းများ၏ ကိုယ်စားအုပ်ချုပ်သူတစ်ဦးမှ ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ရန်အတွက် ကြိုတင်လေ့ကျင့်ပြင်ဆင်မှုများနှင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် အားကစားသမားများကို အားပေးစကားပြောကြားကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင် မည့် ရှမ်းပြည်နယ်အသင်းမှ အားကစာသမားများ လေ့ကျင့်နေမှုတို့ကို ကြည်ရှု၍ တောင်ကြီးတက္ကသိုလ်ကျောင်း အတွင်း စိမ်းလန်းစိုပြေရေးနှင့် မြေအောက်ရေရရှိရေးတို့ကို ဆောင်ရွက်မည့်နေရာအား ကွင်းဆင်းကြည့်ရှုပြီး သက်ဆိုင်ရာဌာနများကို မှာကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် အေးသာယာမြို့ရှိ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး)ကျောင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ တိုက်ကွမ်ဒို၊ ဂျူဒိုအားကစားခန်းမနှင့် ကျောင်းသား၊ ကျောင်းသူများမှ ပြေးခုန်ပစ်၊ လမ်းလျှောက်၊ ဘောလုံး၊ ကရာတေး၊ လက်ဝှေ့၊ ဘော်လီဘော၊ ရေကူးအားကစားလေ့ကျင့်နေမှုကို ကြည့်ရှူ၍ ကျောင်းရှိ အမျိုးသမီး အိပ်ဆောင်၊ ရေချိုးခန်း၊ ဆေးခန်း၊ စားရိပ်သာ၊ ရေသန့်စက်၊ မီးဖိုဆောင်နှင့် စာကြည့်တိုက်ခန်းမတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ မှာကြားပြီး စာကြည့်တိုက်အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ထောက်ပံ့ငွေပေးအပ်ရာ စာကြည့်တိုက်မှူးမှ လက်ခံရယူကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့