တောင်ကြီး နိုဝင်ဘာ-၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ (၇၄) ကြိမ်မြောက် မြို့လုံးကျွတ်မဟာဘုံကထိန် ပွဲတော် ပဒေသာပင်လှည့်လည်ပူဇော်ပွဲကို နိုဝင်ဘာလ (၁၄) ရက်၊ နံနက် (၈) နာရီခွဲက တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်း အတုလမာရဇိန်ဆုတောင်းပြည့်မြတ်စွာဘုရားမြိုလယ်ဓမ္မာရုံရှေ့တွင် စုရပ် (၁) နှင့် ခမ်းလီစိန်ရွှေရတနာဆိုင်ရှေ့ ကုန်သည်လမ်းတွင် စုရပ် (၂) ဖြင့် စတင်လှည့်လည် ကြကြောင်းသိရသည်။
မြို့လုံးကျွတ်မဟာဘုံကထိန် ပဒေသာပင်လှည့်လည်ပူဇော်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် နှင့် ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဇနီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့ကဦးဆောင်၍ ပဒေသာပင်များကို စတင်လှည့်လည်ပေးကြသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်မိသားစု၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရှိ ရပ်ကွက်များ၊ စျေးသူစျေးသားများ၏ ပဒေသာပင်များကို ဗိုလ်ချုပ်အောင်ဆန်းလမ်းတစ်လျှောက်မှ အရှေ့မြို့ပတ်လမ်းတစ်လျှောက်နှင့် ညောင်ရွှေဟော်ကုန်းရပ်ကွက်ရှိ င်္ခြသေ့လမ်းမှထွက်၍ မင်းလမ်းအတိုင်းလှည့်လည်လာရာ လမ်းဘေးဝဲယာပြည်သူများ စည်ကားသိုက်မြိုက်စွာ ကြည့်ရှု ကြပြီးပဒေသာပင်များကို အတုလမာရဇိန်ဆုတောင်းပြည့်မြတ်စွာဘုရား မြို့လယ်ဓမ္မာရုံသို့ ပို့ဆောင်ပေးကြသည်။
အဆိုပါ တောင်ကြီးမြို့ (၇၄) ကြိမ်မြောက် မြို့လုံးကျွတ်မဟာဘုံကထိန် ပဒေသာပင် လှည့်လည်ပွဲတွင် တောင်ကြီးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများအား ပဒေသာပင်များ ခွဲဝေလှူဒါန်း သွားမည်ဖြစ်ကြောင်းသိရသည်။
ထို့နောက် တောင်ကြီးမြို့တန်ဆောင်တိုင်မီးပုံးပျံပွဲတော် နိုဝင်ဘာလ (၁၃) ရက် တတိယ ညတွင် တေးဂီတဖျော်ဖြေပွဲ၊ DJ၊ Dancer အကများ၊ မီးပုံးပျံညမီးကြီးယမ်းမီးများဖြစ်သော လူမှုရေးရာဝန်ကြီးဌာနကိုယ်စားပြုမီးပုံးပျံ၊ ရှမ်းရိုးမဘိလပ်မြေမီးပုံးပျံ၊ စက်သုံးဆီလုပ်ငန်းရှင်းများ အသင်းမီးပုံးပျံနှင့် ပန်းချယ်ရီအိမ်ယာစီမံကိန်းကိုယ်စားပြု သီရိမီးပုံးပျံ၊ မြို့ပေါ် (၂၂) ရပ်ကွက်ကိုယ်စားပြု မီးပုံးပျံ၊ တောင်ကြီးမြို့စျေးသူ၊ စျေးသားများစျေးပဒေသာစိန်နားပန်မီးပုံးပျံ လွှတ်တင်ယှဥ်ပြိုင်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ မီးပုံးပျံဝါသနာရှင်များ၊ ရပ်ဝေး၊ ရပ်နီးမှဧည့်ပရိတ်သတ်များမှ စည်ကားသိုက်မြိုက်စွာ ကြည့်ရှုအားပေးကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့