တောင်ကြီး နိုဝင်ဘာ-၂၀
၂၀၂၄ခုနှစ်၊ ပဥ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ်အားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ခြင်းအခမ်းအနားကို နိုဝင်ဘာလ (၂၀) ရက်၊ နံနက် (၁၀)နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ပဥ္စမအကြိမ် အမျိုးသားအားကစား ပွဲတော်သို့ ဝင်ရောက်ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ်အားကစားအဖွဲ့များအား လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး အားကစားအသင်းများမှ ဂါရဝပြုမိတ်ဆက်ကြကြောင်းသိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က သြဝါဒစကားပြောကြားရာ ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နေပြည်တော်တွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့မှ (၂၀) ရက်နေ့ အထိကျင်းပပြုလုပ်မည်ဖြစ်ပြီး ယနေ့အပါအဝင် (၁၉) ရက်သာ လိုတော့သည့်အတွက် ပြိုင်ပွဲဝင်မည့် အားကစားမောင်မယ်အပေါင်းတို့သည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအားကစား ပညာရပ်ပိုင်းဆိုင်ရာ အစစအရာရာအသင့်ဖြစ်နေကြမည်ဟုယုံကြည်ပါကြောင်း၊ ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားနည်း (၂၃) နည်းထည့်သွင်းကျင်းပမှာ ဖြစ်ပြီး ရှမ်းပြည်နယ်အနေဖြင့် အားကစားနည်း (၂၃) နည်း အချိန်ယူစခန်းသွင်းလေ့ကျင့်စေပြီး အားကစားသမား စုစုပေါင်း (၄၁၂) ဦး၊ အုပ်ချုပ်၊ နည်းပြပေါင်း (၁၀၉) ဦး၊ ဒိုင် (၁၇) ဦး၊ စုစုပေါင်း (၅၃၈) ဦးနှင့် အတူအုပ်ချုပ်မှုရုံးအဖွဲ့ (၁၁) ဦးတို့ဖြင့် စနစ်တကျဖွဲ့စည်းယှဥ်ပြိုင်သွားမှာ ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ သွားရောက်ယှဥ်ပြိုင်နိုင်ရေးအတွက် အဘက်ဘက်မှကူညီအားပေး ခဲ့ကြသည့် ပြည်နယ်အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများကိုလည်း ရှမ်းပြည်နယ် ပြည်သူများအားလုံး ကိုယ်စားကျေးဇူးတင်ကြောင်းပြောကြားသည်။
၎င်းနောက် အောင်နိုင်ရေးအလံနှင့် ပြိုင်ပွဲဝင်ကုန်ကျစရိတ်များအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ထောက်ပံ့ပေးအပ်ရာ ပဥ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက် ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ်အားကစားအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် နှင့် အတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်ကျော်သိန်း နှင့် အားကစားသမားများမှ လက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြိုင်ပွဲတွင်အသုံးပြုမည့် အားကစားအသုံးအဆောင်ပစ္စည်းများ လှည့်လည်ကြည့်ရှုကြကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့