တောင်ကြီး နိုဝင်ဘာလ-၂၀
(၃၅) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘ့ာကလေးများနေ့)ကို နိုဝင်ဘာလ (၂၀) ရက်၊ နံနက် (၉) နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ကမ္ဘာတစ်ဝှမ်းလုံးရှိ ကလေးသူငယ် များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်မြှင့်တင်ဆောင်ရွက်ရန်အတွက် ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်တွင် ကျင်းပခဲ့သော (၄၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အပြည်ပြည်ဆိုင်ရာ စာချုပ်ကို အတည်ပြုပြဋ္ဌာန်း ခဲ့ပါကြောင်း၊ ထိုနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် နှစ်စဥ်နိုဝင်ဘာလ (၂၀) ရက်နေ့ကို World Children’s Day (ကမ္ဘ့ာကလေးများနေ့)အဖြစ်သတ်မှတ်၍ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပလျက်ရှိရာ ယခုနှစ်တွင် (၃၅)နှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် အခြားနိုင်ငံများနည်းတူ ကမ္ဘ့ာကလေးများနေ့ အခမ်းအနားကို နှစ်စဥ်နှစ်တိုင်း ကလေးသူငယ်များအတွက် နိုင်ငံတစ်ဝှမ်းမှာအထိမ်းအမှတ်အခမ်းအနားများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိဘများအနေဖြင့် မိမိတို့ကလေးများ၏ ဆန္ဒများစကားသံများကို ဂရုတစိုက်အချိန်ပေး နားထောင်ပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ရွက်ပေး ရမှာ ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍတွင် ကလေးငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စာပေ၊ ဂီတ၊ အနုသုခုမ၊ အားကစားပညာရပ်တွေသာမက ကျောင်းတွင်းကျောင်းပြင် ပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားသွားသည်။
ထို့နောက် (၃၅) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း အထိမ်း အမှတ် (ကမ္ဘ့ာကလေးများနေ့)အထိမ်းအမှတ် Video Clip ပြသပြီး ဟရဟိတ ဂေဟာ (၂) ခုရှိ ကလေးများက နိုင်ငံတကာရင်သွေးငယ်များသီးချင်းကို စုပေါင်းသီဆိုဖျော်ဖြေ ပေးခြင်း၊ တောင်ကြီးမူလတန်းကြိုကျောင်းမှ သားငယ်သမီးငယ်များက ပြည်ထောင်စုအင်အားသီချင်းဖြင့် ကပြဖျော်ဖြေပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ဇနီးတို့က ကလေးများအား အမှတ်တရလက်ဆောင်များ ပေးအပ်၍လည်းကောင်း၊ New Light ပုဂ္ဂလိကမူလတန်းကြိုကျောင်းမှ သားငယ်သမီးငယ်များက တောင်ယာဝင်ချိန်သီချင်းဖြင့် ကပြ ဖျော်ဖြေတင်ဆက်ခြင်း၊ စိတ္တသုခ ပရဟိတဂေဟာမှ သားငယ်သမီးငယ်များက မြန်မာသနပ်ခါးသီချင်းဖြင့် ကပြဖျော်တင်ဆက် ပေးကြရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်နှင့် ဇနီး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းနှင့် ဇနီးတို့ကကလေးများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့