တာချီလိတ် ဇန်နဝါရီ-၇
တာချီလိတ်မြို့၊ ဝမ်လုံးအုပ်စု၊ လွယ်စတုံအပေါ်ရွာရှိ ရွှေဘူးသီးလားဟူရိုးရာ စားသောက်ဆိုင်တွင် ပဥ္စမအကြိမ်မြောက် ရှမ်းပြည်နယ်အရှေ့ပိုင်း လားဟူတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုရိုးရာ စုပေါင်းနှစ်သစ်ကူး ပွဲတော် အခမ်းအနားကို ဇန်နဝါရီ ( ၇) ရက် နက်နံ( ၁၀ ) နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့သည်။
၎င်း အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဌ၊ ဦးဇော်လွင်ဦးသည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးအောင်ကြည်ဝင်း၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ လားဟူစာပေနှင့် ယဉ်ကျေးမှု ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းသားပြည်သူများနှင့်အတူတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ တော်အလံအား အလေးပြုပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဌ၊ ဦးဇော်လွင်ဦးသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။
တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်က ပဥ္စမအကြိမ်မြောက် လားဟူတိုင်းရင်းသား ရိုးရာစုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဂုဏ်ပြုအမှာစကားပြောကြားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ လားဟူစာပေနှင့် ယဉ်ကျေး အသင်းချုပ်မှ အဖွဲ့ဝင် ဦးလှဝင်းက နှစ်သစ်မင်္ဂလာ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။
ဆက်လက်၍ လားဟူတိုင်းရင်းသားမောင် မယ်လူငယ်များက သက်ကြီးဝါကြီးပုဂ္ဂိုလ်များကို ရိုးရာလက် ဆေးမင်္ဂလာခံယူကြပြီးနောက် လားဟူတိုင်းရင်းသားများကိုယ်စား မိုင်းဆတ်လားဟူစာပေနှင့် ယဉ်ကျေးမှု ဥက္ကဌ ဦးဖိုးစောက ကျေးဇူးတင်စကားပြောကြားပြီး ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းတုံ၊ မိုင်းဆတ်စသည့် လားဟူတိုင်းရင်းသားမောင် မယ်လူငယ်များက ရိုးရာမြေဝိုင်းအက၊ ခေတ်ပေါ်အဆိုအက၊ ဗူးပလွေမြေဝိုင်းအကပြိုင်ပွဲ၊ ခေတ်ပေါ်အကပြိုင်ပွဲ၊ ရိုးရာချည်ပန်း ပေါက်ပွဲ၊ အမျိုးသားရိုးရာ ဂျင်ပေါက်ပြိုင်ပွဲနှင့် အမျိုးသမီးရိုးရာ ဒိုးပစ်ပြိုင်ပွဲများဖြင့် ကပြဖျော်ဖြေပြီး မီးရှူးမီးပန်းဖောက်၍ နှစ်သစ်ကို ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး