တောင်ကြီး မတ်-၅
ရှမ်းပြည်နယ်အစိုရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးစီမံခန့်ခွဲမှု ဒုတိယအကြိမ် ရှေ့ပြေးစီမံကိန်း (Pilot Project)အရ စီမံကိန်းနယ်မြေအတွင်း ပအိုဝ်းတိုင်းရင်းသားရိုးရာ အထည်ချုပ်သင်တန်းနှင့် ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အတီးသင်တန်းဖွင့်ပွဲကို မတ်(၅)ရက်နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေး(ဒဥ်သီးဗွေ)ကွင်း၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က တိုင်းရင်းသားများအတွက် အကျိုးပြုသည့်သင်တန်းများ ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်ကိုအကျဥ်းချုပ်အနေဖြင့် ပြောကြားလိုပါကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးစီမံခန့်မှုအဖွဲ့က ဒုတိယအကြိမ် ရှေ့ပြေးစီမံကိန်း(PilotP roject)အား ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မဲနယ်တောင်တန်းနှင့် ပွန်ချောင်းအကြား ဒေသကျေးရွာအုပ်စု(၄)အုပ်စုရှိ ကျေးရွာပေါင်း(၆၅)ရွာတို့တွင် အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဝန်ကြီးဌာန(၉)ခုအောက်ရှိ ဦးစီးဌာန(၁၄)ခုတို့မှ ကိုယ်စားလှယ်များမှ ပါဝင်သောအဖွဲ့များဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းစဥ်(၃)ရပ်အား အကောင်အထည်ဖော်နိုင်ရေးအတွက် စီမံကိန်းနယ်မြေအတွင်းနေထိုင်သည့် ဟိုပုံးမြို့နယ် နောင်လိုင်မူဖိတ်ကျေးရွာအုပ်စုနှင့် ဖက်ရမ်းကျေးရွာအုပ်စု၊ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာအုပ်စုနှင့် နားသံကျေးရွာအုပ်စုရှိ ဒေသခံတိုင်းရင်းသားများအတွက် ပအိုဝ်းတိုင်းရင်းသား ရိုးရာအထည်ချုပ်သင်တန်းနှင့် ပအိုဝ်းတိုင်းရင်းသားရိုးရာ ယဥ်ကျေးမှု အဆို၊ အက၊ အတီး သင်တန်းများဖွင့်လှစ်ရန်အတွက် ရန်ပုံငွေထောက်ပံ့ပေးခြင်းဖြစ်ပြီး ယခုကဲ့သို့ သင်တန်းများဖွင့်လှစ်ပေးရခြင်း ဖြစ်ပါကြောင်း၊ သင်တန်းသို့ တက်ရောက်လာကြသော သင်တန်းသူ၊ သင်တန်းသားများအားလုံးကလည်း သင်တန်းမှပို့ချသည့် ပညာရပ်များကို စနစ်တကျလေ့လာမှတ်သားလိုက်နာကြရန်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များမှာ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် ပအိုဝ်းတိုင်းရင်းသား ရိုးရာအထည်ချုပ်သင်တန်းနှင့် ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အတီးသင်တန်းအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ချီးမြှင့်ငွေနှင့် သင်ထောက်ကူပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ကပေးအပ်ရာ ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအသင်း (ဗဟို)ဥက္ကဋ္ဌ၊ ဦးခွန်ဝင်းကိုနှင့် သင်တန်းသူနှစ်ဦးမှလက်ခံရယူပြီး တူရိယာပစ္စည်းများကို ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကပေးအပ်ရာ သင်တန်းသားနှစ်ဦးမှ လက်ခံရယူ၍ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းတွင် သင်ထောက်ကူပစ္စည်းများ လှည့်လည်ကြည့်ရှု၍ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးနုတ်ဆက်ပြီး ပြည်နယ်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး (ဒဥ်သီးဗွေ)ကွင်း၌ မိုးလုံလေလုံအားကစားရုံ တည်ဆောက်မည့်နေရာအား သွားကြည့်ရှု၍ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပအိုဝ်းတိုင်းရင်းသား ရိုးရာအထည်ချုပ်သင်တန်းနှင့် ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အတီးသင်တန်းသို့ ဟိုပုံးမြို့နယ် နောင်လိုက်မူဖိတ်ကျေးရွာအုပ်စုနှင့် ဖက်ရမ်းကျေးရွာအုပ်စု၊ ဆီဆိုင်မြို့နယ်မှ နားခိုက်ကျေးရွာအုပ်စုနှင့် နားသံကျေးရွာအုပ်စုတို့မှ သင်တန်းသား၊ သင်တန်းသူ(၄၀)ဦးတက်ရောက်၍ သင်တန်းကို ၂၀၂၅ခုနှစ်မတ်လကုန်အထိ သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး