ဟိုပုံး မတ် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကြက်ခြေနီ အသင်းမှ ဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကို မတ်လ(၂၃)ရက် နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံးရှိ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်သည်။
သင်တန်းတွင် ဟိုပုံးမြို့နယ် ကြက်ခြေနီအသင်းမှ တပ်ဖွဲ့မှူး ဒေါ်သင်းလဲ့ရီက သင်တန်းသား၊ သင်တန်းသူများအား အမှာစကားပြောကြားရာတွင် လူမှုရေးစိတ်ဓာတ်ထက်သန်သည့် နိုးကြာ တက်ကြွသော မျိုးဆက်သစ်လူငယ်များပေါ်ထွက်လာစေရန်၊ ရှေးဦးပြုစုခြင်းပညာရပ်ဖြင့် စနစ်တကျ ပြုစုစောင့်ရှောက်တတ်စေရန်၊ သဘာဝဘေးအန္တရာယ်ကျရောက်ပါက လူထုကိုယ်တိုင် ပါဝင်ဆောင် ရွက်နိုင်စေရန်စသည့် ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းပြောကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ စန်းလှိုင်က ဟိုပုံးမြို့နယ်အတွင်းရှိ ကလေးသူလူငယ်များမှ ရှေးဦးပြုစုနည်းအခြေခံသင်တန်းကို ကျွမ်းကျင်တတ်မြောက်အောင် လေ့လာမှတ်သားကြရန်နှင့် မိမိပတ်ဝန်းကျင်တွင် ဘေးအန္တရာယ်ကြုံတွေ့လာပါက ကူညီကယ်ဆယ်ဆောင်ရွက်တတ်စေရန် တို့ကို ပြောကြားပြီးနောက် သင်တန်းနည်းပြ ဆရာ/ဆရာမများက အခြေခံ အသက်ကယ်အထောက် အကူပြုဆောင်ရွက်ရမည့် နည်းအဆင့်ဆင့်ကိုလက်တွေ့ပို့ချပေးလျက်ရှိကြောင်း၊ ရှေးဦးပြုစုခြင်း (အခြေခံ) နည်းစနစ်များတွင် ပါဝင်သည့် ဖြစ်ရပ်မြင်ကွင်းကို ကြည့်ပါ၊ ပတ်ဝန်းကျင်ကို အကူအညီ တောင်းပါ၊ လူနာအနေအထားကို ပက်လက်အနေအထားပြုပြင်ပါ၊ အသက်မရှုခြင်း (သို့မဟုတ်) ပုံမှန်မဟုတ်ပါက နှလုံးနှိုးဆွနည်း အကြိမ်(၃၀)ပြုလုပ်ပါ၊ လေပြွန်လမ်းကြောင်း ဖွင့်ပါစသည့် အချက် များကို စာတွေ့/လက်တွေ့ သက်ကြားပို့ချပေးမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ(၃၅)ဦးဖြင့် မတ်လ(၂၃)ရက်နေ့မှ မတ်လ(၂၅)ရက်နေ့အထိ ဖွင့်လှစ်ပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး