ဟိုပုံး ဒီဇင်ဘာ ၉
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင် ကာကွယ်နိုင်ရန်နှင့် အမျိုးသား အားကစားအဆင့်အတန်းမြင့်မာရေးနှင့် ပြည်သူလူထုပါဝင်သည့် အားကစားလှုပ်ရှားမှုများကို ပိုမိုဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဒီဇင်ဘာအားကစားလ စုပေါင်းလမ်း လျှောက်ပွဲကို ဒီဇင်ဘာလ(၉)ရက် နံနက် ၅ နာရီခွဲအချိန်က သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးရှေ့မှ စတင်၍ ဟိုပုံး-ဆီဆိုင် ဗိုလ်ချုပ်အောင်ဆန်းလမ်းမှတဆင့် မြို့မအားကစားကွင်းအတိုင်း ဌာန ဆိုင်ရာများနှင့် ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများက တပျော်တပါးစုပေါင်းလမ်း လျှောက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ ကိုယ်လက်ကြံ့ခိုင်ရေး အတွဲ(၁)၊ အတွဲ(၂)နှင့် Fitness Dance အကများဖြင့် ပါဝင် ဆင်နွှဲခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး