ဟိုပုံး အောက်တိုဘာ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့လုံးကျွတ်စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ (၂၆)ရက် နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် မဟာဘုံကထိန်ပွဲတော်သည် ဗုဒ္ဓဘာသာတို့၏ ထင်ရှားသည့်ဘာသာရေးပွဲ တစ်ခုဖြစ်ပါကြောင်း၊ ပွဲတော်ကျင်းပမည့်ကော်မတီများလည်းဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် အားနည်းချက်များမရှိစေရေး ကော်မတီဝင်များအချင်းချင်းပူးပေါင်းဆောင်ရွက်ရန်၊ လိုအပ်ချက် များညှိနှိုင်းပေါင်းစပ်ရန်၊ ယခင်နှစ်ထက် ပိုမိုလှူဒါန်းနိုင်ရေး အားထည့်ဆောင်ရွက်ရန်၊ ပဒေသာ ပင် လှည့်လည်မည့်လမ်းကြောင်းအား ညှိနှိုင်းဆောင်ရွက်ရန်၊ ကျင်းပမည့်ရက်အား ဆရာတော် ကြီးများ၏ ဩဝါဒခံယူ၍ ဆောင်ရွက်လျက်ရှိကြောင်းပြောကြားသည်။ ထို့နောက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူ ဦးဆန်းထွန်းက ကြိုတင်ပြင် ဆင်ထားသည့် အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်း ပြောကြားပြီးနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်း နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်‌ရောက် ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး