ဟိုပုံး      ဩဂုတ် ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ‌ဟိုပုံးမြို့ ရေထွက်ကြီး တွင် ရေကန်တွင်းနှင့် ရေကန်ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ ရေကန်ပတ်ဝန်းကျင် တွင် အမှိုက်များ စွန့်ပစ်မှုမရှိစေရေး၊  ရေကန်ပတ်ဝန်းကျင်တွင် ပြည်သူများလာရောက်အပန်းဖြေ နိုင်ရေးတို့အတွက် ယနေ့နံနက် ၈ နာရီအချိန်က စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဟိုပုံးတပ်နယ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ ဒေသ/မြိုနယ်အဆင့် ဌာနဆိုင်ရာများက ရေကန် ပတ်ဝန်းကျင်ရှိ ခြုံနွယ်‌ ပေါင်းမြက်များကို ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေကန်ကို လာရောက် အသုံးပြု သူများအဆင်ပြေစေရန် ရေချိုးရန်နေရာ သီးသန့်သတ်မှတ်ခြင်း ရေစီးရေလာ ကောင်းမွန်စေရေး အတွက် ရေမြောင်းရှိ အမှိုက်များရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်‌ရ‌ဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် အရာရှိကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချူပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရှိရသည်။ ဟိုပုံးမြို့နယ်တွင် မြို့ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက် လျက်ရှိကြောင်းသိရ သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး