ဟိုပုံး            ဇူလိုင်-၂၁
မူးယစ်ဆေးဝါးသတင်းအရ တောင်ကြီး-ဟိုပုံး-လွိုင်လင်သွားကားလမ်း၊ ဟိုပုံးမြို့နယ်၊ ဟိုပုံးကိုရင်လေးကျောင်းအကျော်၊ လုံခုတ်ကျေးရွာ အနီးတွင် စောင့်ဆိုင်းနေစဉ် လွိုင်လင်မြို့ဘက်မှ ရောက်ရှိလာသည့် ဝင်းထွန်းနိုင်(ခ)မျိုးတင့် မောင်းနှင်ပြီး ခရီးသည်(၅)ဦးလိုက်ပါလာသော Hiace (အဖြူ)အမျိုးအစား၊ ယာဉ်အမှတ် BGO 11 3J-8790 ယာဉ်အား စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ကြမ်းခင်းအံဝှက်အတွင်း ဝှက်သိမ်းထားသည့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၉၁၂၀၀၀)ပြား၊ စုစုပေါင်း တန်ဖိုး ဒေသပေါက်ဈေး သိန်းပေါင်း (၄၅၆၀)သိန်းနှင့် မိုဘိုင်းလ်ဖုန်း (၁)လုံးတို့နှင့်အတူ သိမ်းဆည်း ရမိခဲ့ပြီး ဝင်းထွန်းနိုင်(ခ) မျိုးတင့် အား စစ်ဆေးခဲ့ရာ မိုင်းရှူးမြို့နယ်၊ မောမေကျေးရွာအုပ်စု၊ ဝမ်ကျယ် ကျေးရွာနေ စိုင်းစောဟန်(ခ) စိုင်းစွမ်ဟန် ဆိုသူမှ မိုင်းရှူးမှ ကရင်ပြည်နယ်၊ အိန္ဒုမြို့သို့ ပို့ဆောင်ခ ငွေကျပ်သိန်း (၁၀၀) ပေး၍ ပို့ခိုင်းကြောင်း၊ ယာဉ်ပေါ်ပါလာသည့် ခရီးသည်(၅)ဦးမှာ လမ်းကြုံ လိုက်လာသူများ ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပြစ်မှုကျူးလွန်သူ ဝင်းထွန်းနိုင်(ခ)မျိုးတင့် အား ဟိုပုံးမြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ စိုင်းစောဟန်(ခ) စိုင်းစွမ်ဟန် အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါသည်။
 
ရှမ်းပြည်နယ်အစိုးရအဖွဲ့