ပင်းတယ ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ (၇၇)ကြိမ်မြောက် ပြည်ထောင်စုနေ့အားကြိဆိုဂုဏ်ပြုသောအားဖြင့် အင်းပလက်-တမဲလမ်းကျောက်မှ ကတ္တရာခင်းခြင်း (၀/၄ ဒသမ ၅၂)မိုင်ဖွင့်ပွဲအခမ်းအနားအား ဖေဖော်ဝါရီလ၁၀ရက် နံနက် ၁၀ နာရီက အင်းပလက်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဓနုကိုယ်ပို်ငအုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးအာကာလင်းက အဖွင့်အမှာစကား ပြောကြားရာတွင် “ရာသီမရွေးသွားလာနိုင်တဲ့လမ်းများ နည်းပါးမှုဟာ ကျေးလက်နေပြည်သူများရဲ့ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ ဈေးများနှင့် အခြားဝန်ဆောင်မှုများထံ ရောက်ရှိနိုင်မှုကို ပြင်းထန်စွာ အကျိုးသက်ရောက်မှုဖြစ်ပေါ်စေပြီး ၎င်းတို့ရဲ့တိုးတက်မှုကိုကန့်သတ်စေနိုင်ရုံမျှသာမက တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက် မှုကိုပါ ကန့်သတ်ထားသလို ဖြစ်စေတဲ့အတွက် ကျေးလက်လမ်း၊ တံတားများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ဖို့လိုအပ်ပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် နှစ်စဉ်အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့တဲ့ လမ်း/တံတားများကို ရေရှည်တည်တံ့အောင် ကျေးလက်နေပြည်သူများအားလုံးကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်နှင့် မော်တော်ယဉ်/ဆိုင်ကယ်အသုံးပြုမောင်းနှင်သူများအနေဖြင့် သတ်မှတ်ထားသော ယာဉ်စည်းကမ်း/လမ်းစည်းကမ်းများအတိုင်း အန္တရာယ်ကင်းစွာမောင်းနှင် အသုံးပြုကြရန်” တိုက်တွန်းပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမျိုးမင်းသန့်က ကျေးလက်လမ်းလုပ်ငန်းများနှင့် ပတ်သက်၍ရှင်းလင်းတင်ပြခဲ့ပြီး ကျေးရွာသူ/ကျေးရွာသားများကိုယ်စား ကျေးရွာနေပြည်သူတစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် အင်းပလက်-တမဲလမ်း ကျောက်မှ ကတ္တရာခင်းခြင်း (၀/၄ ဒသမ ၅၂)မိုင်လမ်းအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးအာကာလင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
အဆိုပါ အင်းပလက်-တမဲကျောက်လမ်းအား ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် (ပြည်ထောင်စု) ရန်ပုံငွေကျပ် (၁၂၆ ဒသမ ၆၆၁)သန်းဖြင့် H Double H ကုမ္ပဏီမှ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့မှ စတင်၍ကတ္တရာခင်းခြင်းလုပ်ငန်း ကိုတာဝန်ယူဆောင်ရွက်ပေးခဲ့ပြီး တမဲကျေးရွာနှင့် အင်းပလက်ကျေးရွာရှိ အိမ်ထောင်စု (၅၉၅)စုမှ လူဦးရေ (၂၄၂၇)ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေးများကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး