ပင်းတယ ဇွန် ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်း အခြေခံပညာကျောင်း စုစုပေါင်း ၁၂၀ ရှိရာ ဇွန်လ ၃ ရက်နေ့တွင် စာသင်ကျောင်းအားလုံး ရာနှုန်းပြည့်ဖွင့်လှစ်နိုင်ပြီး၊ ကျောင်းသား/ကျောင်းသူ အနာဂတ်ကလေးငယ်များ အေးချမ်းစွာဖြင့် ပညာစတင်သင်ကြားနေပြီဖြစ်သည်။
၂၀၂၄_၂၀၂၅ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန် ကျောင်းသားလူငယ်များ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၏ လမ်းညွှန်မှာကြားမှုဖြင့်၊ ဒေသအတွင်းရှိအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ပညာရေးဝန်ထမ်း ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူကျောင်းသားမိဘများ ပူးပေါင်းပါဝင်၍ ကြိုတင်ပြင်ဆင်မှုများအား ဆောင်ရွက်ခဲ့သည်။ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေး သီတင်းပတ်စီမံချက်အား အထူးအလေးထား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။နောင်တချိန်တွင် တိုင်းပြည်၏ မျိုးဆက်သစ် အနာဂတ် ခေါင်းဆောင်များဖြစ်လာပြီး၊ တိုင်းကျိုးပြည်ပြုလုပ်ငန်းများတွင် အားကိုးအားထားဖြစ်လာနိုင်သည့် ကျောင်းသား/ကျောင်းသူလူငယ်များ ထွန်းကားပေါ်ပေါက်လာရေး အခြေခံပညာစာသင်ကျောင်းများမှ အခြေပြု တည်ဆောက်ရမည်ဖြစ်သည်နှင့်အညီ ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ် အားလုံးရာနှုန်းပြည့် ကျောင်းပညာများသင်ယူခွင့်ရရှိပြီး၊ ဒေသအတွင်းရှိ အခြေခံပညာကျောင်းများအားလုံး ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးတို့အား ကြိုတင်စီမံဆောင်ရွက်ထားမှုကြောင့် ယနေ့ ဇွန်လ ၃ ရက်နေ့တွင် စာသင်ကျောင်းအားလုံး ဖွင့်လှစ်နိုင်ပြီး အေးချမ်းစွာဖြင့် စတင်ပညာသင်ကြား နေပြီဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့