ပင်လောင်း ဧပြီ ၉
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် အစိုးရ ပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းခြင်းနှင့် ပထမအကြိမ် အစိုးရ ပါဠိပထမပြန်စာမေးပွဲ အောင်ပွဲတရားတော် နာယူခြင်း အခမ်းအနားကို ဧပြီလ(၉)ရက် နံနက်ပိုင်းက ရင်းမှီးပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿဂါထာ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး၊သာသနာ့ဒါယကာ/ဒါယိကာမတို့က သြကာသကန်တော့ချိုးဖြင့် ဘုရားရှိခိုးကန်တော့ကြရာ ရင်းမှီးပရိယတ္တိစာသင်တိုက် ဆရာတော်ကြီး ဘဒ္ဒန္တဝါယာမ ထံ ငါးပါးသီလခံယူဆောက်တည်ကြ ပြီး၊ သံဃာတော်များက မေတ္တာသုတ်ပရိတ်တရားတော်ချီးမြှင့်ပေးခဲ့ကြောင်း၊ ရင်းမှီးရပ်ကွက် ဓမ္မစကြာအဖွဲ့မှ စာအောင်သံဃာတော်များအား ရှစ်လုံးဖွဲ့ကဗျာဖြင့် ရွတ်ဆိုပူဇော်ခဲ့ကြသည်။
ထို့နောက် တီကျစ်မြို့မ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဝိလာသ က ပါဠိပထမပြန်စာမေးပွဲသမိုင်းအကျဉ်းချုပ်နှင့် အနုမောဒနာတရား ဟောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ အလှူရှင် သာသနာ့ဒါယကာ/ဒါယိကာမများတို့က ၁၃၈၄(၂၀၂၃)ခုနှစ် ပထမကြီးတန်း၊ပထမလတ်တန်း၊ အခြေပြုမူလတန်း အစိုးရ ပါဠိပထမပြန်စာမေးပွဲတွင် ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်မှ စာအောင်သံဃာတော်(၆၄)ပါးအား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းပေးကြခြင်းနှင့် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး၊ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ဂါထာဖြင့် ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး