ပင်လောင်း နိုဝင်ဘာလ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် မီးခိုး၊မြူငွေ့ လျော့ချရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် သစ်တောများ၏ အခန်းကဏ္ဍဆိုင်ရာ အသိပညာပေး ဟောပြော‌ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အ‌ခြေခံပညာအထက်တန်းကျောင်းအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်လှ‌မောင်က အမှာစကားပြောကြားပြီး၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇင်မောင် က ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များအကြောင်းများ၊ ရာသီဥတုပြောင်းလဲမှုနှင့် သစ်တောများ၏ အခန်းကဏ္ဍဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်မိုးသူဇာက မီးခိုး/မြူငွေ့ အန္တရာယ်၊ ရေဘေး၊ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးနှင့် လျော့နည်းစေရေး အကြောင်းများကိုလည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးစိုးမိုးနိုင်က သစ်တောသစ်ပင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းများကိုလည်းကောင်း အသိပညာပေး ဟောပြောဆွေးနွေး ကြသည်။
ထို့နောက် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇင်မောင်က ကျောင်းသား၊ ကျောင်းသူများကို အာဟာရဖြည့်စွက်စာ ကျွေးမွေးနိုင်ရန် ထောက်ပံ့ငွေများပေးအပ်လှူဒါန်းရာ အမှတ်(၁)အ‌ခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးကိုယ်စား တာဝန်ခံဆရာမ ဒေါ်ကေသွယ်သွယ်လေးက လက်ခံရယူခဲ့ကြောင်း၊ ယင်းနောက် အသိပညာပေး ဟောပြောဆွေးနွေးပွဲတွင် အသိပညာမေးခွန်းများ မေးဖြေရာ၌ မှန်ကန်အောင်ဖြေဆိုခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်သည်သည်။
အဆိုပါ အသိပညာပေးဟောပြောဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများ၊ အမှတ်(၁)၊ အမှတ်(၂)အ‌ခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ( ၃၀၀)ကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့