နောင်တရား စက်တင်ဘာ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု၊ ဆည်ခေါင်းကျေးရွာ တောင်သူ ဦးမွှေး၏စံပြစိုက်ကွက်၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ယူရီးယားဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာရောနှောကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုးစပါးစိုက်ပျိုးသည့်တောင်သူများအတွက် မိုးစပါးပန်းတိုင်အထွက်နှုန်း ထွက်ရှိရေး ယူရီးယားဓာတ်မြေဩဇာ အခမဲ့ထောက်ပံ့ပေးအပ်ပြီး၊ နောင်တရားမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကြီးကြပ်၍ ယူရီးယားဓါတ်မြေဩဇာများကို အကျိုးရှိစွာ၊ လေလွင့်မှုနည်းပါစွာ အသုံးပြုနိုင်ရေးအတွက် နည်းစနစ်မှန်ကန်စွာဖြင့် မိုးစပါးစံပြစိုက်ကွက် စိုက်ပျိုးထားသည့် တောင်သူဦးမွှေး၏ လယ်မြေတွင်ယူရီးယားဓါတ်မြေဩဇာနှင့် သဘာဝဓါတ်မြေဩဇာများ ရောနှောအသုံးပြုပြီး ကွင်းသရုပ်ပြ ကြဲပက် ခဲ့သည်။
အခမ်းအနားတွင် နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအလ်ယ်အောင်ဒင်မှိုင်က အဖွင့်အမှာစကား ပြောကြားပြီး လောင်းမြို့နယ် စိုက်ပျိုးရေးဦစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်နိုင်က မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိနိုင်ရေးအတွက် ယူရီးယားဓာတ်မြေဩဇာ ကြဲပက်ရာတွင် ဓါတ်မြေဩဇာတစ်မျိုး တည်းကြဲပက်ပါက မိုးစပါးများ အာဟာရလုံလောက်စွာ အပြည့်အဝ မစားသုံးနိုင်ခြင်းကြောင့် သဘာဝမြေဩဇာများနှင့် ယူရီးယားမြေဩဇာများ ရောနှောကြဲပက်ပါ က စပါးပင်များ ၈၀ရာခိုင်နှုန်းအထိ မြေဩဇာများကို စားသုံးနိုင်သောကြောင့် ယူရီးယားမြေဩဇာနှင့် သဘာဝမြေဩဇာများ ရောနှောအသုံးပြုပါက ပိုမိုအကျိုးရှိကြောင်း ပြောကြားသည်။
ထို့နောက် နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအလ်ယ်အောင်ဒင်မှိုင်၊ ပင်လောင်းမြို့နယ် စိုက်ပျိုးရေးဦစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်နိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးကျော်စိုးသူ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးအောင်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိနိုင်ရေးအတွက် အခမဲ့ထောက်ပံ့ထား သည့် ယူရီးယား ဓါတ်မြေဩဇာများကို ရှမ်းပြည်နယ်အစိုးအဖွဲ့ကိုယ်စား အခမ်းအနားသို့ တက်ရောက်လာကြသည့် မိုးစပါးစိုက်ပျိုးရေး တောင်သူများသို့ ပြန်လည်ထောက်ပံ့ ပေးသည်။
ယူရီးယားဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာများရောနှောထားသည့် မြေဩဇာများကို စိုက်ပျိုးရေး တောင်သူများ နည်းစနစ်မှန်ကန်စွာ ပြန်လည်ကြဲပက်နိုင်ရေးအတွက် ကွင်းသရုပ်ပြကြဲပက်ဆောင်ရွက်သည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပထမနှစ်တွင် ရှမ်းပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးသည့် တောင်သူ (၉၉၀၀)ဦးကို ယူရီးယားဓာတ်မြေဩဇာအခမဲ့ ထောက်ပံ့ပေးခဲ့ပြီး ပင်လောင်းမြို့နယ်အတွင်း၌ မိုးစပါးစိုက်ပျိုးသည့်တောင်သူ ၃၅၀၀ ကျော်မှ ရွှေအပ်၊ ရွှေရင်အေး-၁ ၊ရွှေရင်အေး-၂ မိုးစပါးစိုက်ပျိုးသည့် အကျိုးဆောင်တောင်သူ စိုက်ဧက (၃၃၄)ဧကကို မိုးစပါးပန်းတိုင် တစ်ဧကလျှင် တင်း(၁၀၀) အထွက်နှုန်းရရှိစေရန်အတွက် ယူရီးယားဓာတ်မြေဩဇာ အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး