ပင်လောင်း အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး၊ ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများနှင့် ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု (One Region One Product) ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်ဖြင့် ဖွင့်လှစ်သည့် လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ(၁၀)ရက် နံနက် ၁၁ နာရီက ပင်လောင်းကြီးကျေးရွာအုပ်စု၊ ပင်လောင်းကြီးအရှေ့ရွာ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက MSME စီမံကိန်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအလိုက် ထွက်ရှိသည့် ကုန်ကြမ်းအပေါ် မူတည်၍ ကုန်ထုတ်လုပ်ငန်းများဖြင့် ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု ဖော်ဆောင်ပေးခြင်း၊အသက်မွေးဝမ်းကျောင်းဆိုင်ရာနည်းပညာ သင်တန်းများပို့ချပေးခြင်းနှင့် ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးရေးဆောင်ရွက်ရာတွင် လုပ်ငန်းထူထောင်ပေးခြင်းနှင့် လုပ်ငန်းထူထောင်လိုသူ ငါးဦးအားရွေးချယ်၍ လုပ်ငန်းထူထောင်နိုင်သည့်အထိ လိုအပ်သောနည်းပညာနှင့် စက်ပစ္စည်းများ ထောက်ပံပေးခြင်းဖြင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခု ဖွင့်လှစ်ပေးသည့် လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းကို သင်တန်းသားများအနေဖြင့် စိတ်ပါဝင်စားစွာဖြင့် အမှန်တကယ်တတ်မြောက်သည်အထိ သင်ယူကြဖို့လိုအပ်ပြီး ဝင်ငွေတိုးပွားစေရေးအတွက် ကိုယ်ပိုင်ထုတ်ကုန်လုပ်ငန်းများ ထူထောင်ကြဖို့လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က သင်တန်းတက်ရောက်သူများကလည်း သင်တန်းနည်းပြဆရာများ သင်ကြားပို့ချမှုများကို စိတ်ဝင်တစား လေ့လာမှတ်သားပြီး သင်ကြားပေးသည့်လုပ်ငန်းများကို တန်းဖိုးရှိစွာ ပြန်လည်အကောင်အထည်ဖော်ဆောင်ဖို့နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည်ရှိပါက သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ပင်လောင်းကြီးကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများမှ သင်တန်းသား/ သင်တန်းသူ(၁၅)ဦး တက်ရောက်ပြီး၊ အဆိုပါ သင်တန်းတွင် ဒေသထွက်ကုန်လက်ဖက်ဖြင့် လက်ဖက်ခေါင်းလျော်ရည်၊ လက်ဖက် ရေချိုးဆပ်ပြာ၊ လက်ဖက်မျက်နှာသစ်ဆပ်ပြာခဲ၊ ရှူးရှဲလက်ဖက်နှပ်၊ လက်ဖက်နှပ်(အဆိမ့်)၊ လက်ဖက်နှပ်(ချဥ်စပ်)၊လက်ဖက်ဝိုင် ပြုလုပ်နည်းများကိုအောက်တိုဘာလ ၁၀ ရက်နေ့မှ အောက်တိုဘာလ ၁၆ ရက်နေ့အထိ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဒေသဦးစီးမှူး၊ ကျေးရွာစီမံကိန်းကော်မတီများက သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး