ပင်လောင်း ဇွန် ၂၃
၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ဇွန်လ(၂၃)ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းနိုင်က မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်၊ နည်းနာနိဿယ(၃)ရပ်၊ မူးယစ်ဆေးဝါးပပျောက်ရေး ဦးစားပေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ စိတ်ကြွရူးသွပ်ဆေးပြား မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းအကြောင်းများ၊ မူးယစ်ဆေးဝါးများ သုံးစွဲခြင်းမှ ရရှိလာသည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးအန္တရာယ်များနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အကြောင်းများကို လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းလင်းက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့နှင့် ပတ်သက်သည့် အကြောင်းအရာများနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးအကြောင်းများကို လည်းကောင်း ဟောပြောကြပြီး၊ သင်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဆလိုင်းမြင့်နိုင်က ကျေးဇူးတင်စကား ပြန်လည်ပြေားကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား/ ကျောင်းသူများအား ဖြန့်ဝေပေးခြင်းနှင့် ခင်းကျင်းပြသသည့် မူးယစ်ဆေးအန္တရာယ်တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် နံရံကပ်ဓာတ်ပုံများကို ကျောင်းသား/ ကျောင်းသူများက ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့