ပင်လောင်း နိုဝင်ဘာ ၁
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းလုပ်ငန်း ဖွင့်ပွဲကို နိုဝင်ဘာလ(၁)ရက် မွန်းလွဲပိုင်းက မြို့နယ်ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်က အမှာစကားပြောကြားပြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနီနီဝင်းက တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးလုပ်ငန်း၏ ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် မျှော်မှန်းအကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူးတို့က စာရင်းကောက်သူများထံသို့ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းဆိုင်ရာ လမ်းညွှန်လက်စွဲစာအုပ်နှင့် မေးခွန်းလွှာများပေးအပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရင်းကောက်များတက်ရောက်ခဲ့ကြကြောင်း၊ စာရင်းကောက်ယူရာတွင် ပင်လောင်းမြို့နယ် ကျေးရွာအုပ်စု(၁၁) အုပ်စုအတွင်းရှိ ကျေးရွာ (၅၄)ရွာနှင့် ရပ်ကွက် (၃) ရပ်ကွက်မှ အိမ်ထောင်စု (၅၂၃၁) စုမှ မွေးမြူးထားသည့် တိရစ္ဆာန်များကို နိုဝင်ဘာလ (၁)ရက်နေ့မှ ဒီဇင်ဘာလ (၃၁)နေ့ထိ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး