ပင်လောင်း ဩဂုတ် ၂
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နေရာအချို့တွင် ရေပြည့်ရေလျှံမှုဖြစ်ပြီး လူနေအိမ်များအတွင်းသို့ ရေများဝင်ရောက်ခြင်း၊ ရပ်ကွက်ချင်းဆက်လမ်းမများပေါ် ရေပြည့်ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါနေရာများသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခွန်ရဲထွေးက ယမန်နေ့ညနေပိုင်း၌ သွားရောက်ကြည့်ရှုခဲ့ရာ မြို့ပေါ်ရပ်ကွက် နေရာအချို့များတွင် မြေနိမ့်ပိုင်းရေဝပ်ဧရိယာများဖြစ်၍ ရေပြည့်ရေလျှံမှုများဖြစ်ပြီး ရေစီးဆင်းမှု အားနည်းနေသည့်အတွက်ကြောင့် ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေများအမြန်ကျဆင်းစေရေး ဆောင်ရွက်ရန် လိုအပ်သည်များကို သက်ဆိုင်ရာဌာနများအား လမ်းညွှန် မှာကြားခဲ့သည်။
ရေပြည့်ရေလျှံမှုကြောင့် လမ်းသွားလာမှုအနည်းငယ်ခက်ခဲရှိ၍ စာသင်ကျောင်းများ ခေတ္တပိတ်ထားရကြောင်း၊ လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း၊ ပင်လောင်းမြို့တွင် မိုးများသည့်ဒေသဖြစ်ပြီး မိုး(၁၀)ရက်ကျော်ကြာ အဆက်မပြတ်ရွာသွန်းခြင်းကြောင့် ယမန်နှစ်ထက် မိုးရွာသွန်းမှုပိုမိုများခဲ့ကြောင်း၊ ယမန်နှစ်တွင်လည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လူနေအိမ်များအတွင်းသို့ ရေများဝင်ရောက်ခြင်း၊ ရပ်ကွက်ချင်းဆက်လမ်းမများပေါ် ရေပြည့်ရေလျှံမှုများဖြစ်ပွားခဲ့ပြီး၊ ယခုနှစ်တွင် လူနေအိမ်များအတွင်းနှင့် ရပ်ကွက်ချင်းဆက်လမ်းမများပေါ် ရေဝင်ရောက်မှု ယမန်နှစ်ထက် နှစ်ပေကျော် ပိုမိုမြင့်တက်ကြောင်း သိရသည်။
ရေပြည့်ရေလျှံမှုဖြစ်သည့်နေရာများသို့ ယနေ့နံနက်ပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခွန်ရဲထွေး၏ ကြီးကြပ်မှုဖြင့် နယ်မြေခံတပ်နယ် ခေတ္တတပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး စံအောင်ကျော်နှင့် အရာရှိစစ်သည်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ ၊ သက်ဆိုင်ရာဌာနများတို့က စက်ယန္တရားဖြင့် ရေများအမြန်ကျဆင်းစေရေး လုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး