နောင်တရား ဒီဇင်ဘာ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဘင်ခရာ(အခြေခံအဆင့်) သင်တန်းဆင်း ပွဲကို ယနေ့ နံနက် ၈ နာရီတွင်ကျင်းပသည်။
ဘင်ခရာ(အခြေခံအဆင့်) သင်တန်းဆင်းပွဲတွင် ဘင်ခရာအစုအဖွဲ့ ငါးဖွဲ့က ချီတက် သရုပ်ပြပြီး ဘင်ခရာအခြေခံသင်တန်းကို သင်ကြားပေးသည့် သင်တန်းနည်းပြ သုံးဦးကို ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်ဥက္ကဌမှ ဂုဏ်ပြုငွေ ချီးမြှင့်ပေးအပ် သည်။ ထို့နောက် နောင်တရားအ.ထ.က ကျောင်းအုပ်ဆရာမကြီးက တိုင်းရင်းသားပေါင်းစုံများ စုပေါင်းသင်ကြားနေသည့် နောင်တရားကျောင်းတော်ကြီး၌ စုပေါင်းလုပ်ဆောင်ပြီး ညီညွတ်မှုစွမ်းအားဖြင့် ဘင်ခရာအဖွဲ့ကို ဖွဲ့စည်းနိုင်သည့်အတွက် ဝမ်းသာဂုဏ်ယူဝမ်းမြောက် ပါကြောင်းပြောကြားသည်။ ကျောင်းအကျိုးတော်ဆောင် ဥက္ကဌက ဘင်ခရာပစ္စည်းများကို ဝယ်ယူနိုင်ဖို့ ကူညီဆောင်ရွက်ပေးတဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့် ဒေသခံ ရပ်မိရပ်ဖ များကို ကျေးဇူးတင်ပါကြောင်း၊ ဘင်ခရာအဖွဲ့ကို တစ်ဦးတစ်ယောက်ကောင်း ဆောင်ရွက်မရဘဲ ကျောင်းသားကျောင်းသူများ စုပေါင်းဆောင်ရွက်ရသည့် အသင်းအဖွဲ့ ဖြစ်သည့်အတွက် ကျောင်းသားကျောင်းသူများ၏ စွမ်းရည်ကို အားရကျေနပ်ပါကြောင်း ပြောကြားသည်။
ကျောင်းအကျိုးတော်ဆောင် ရည်ရွယ်ချက်များဖြစ်သည့် ကျောင်းတော်တည်တံ့ ခိုင်မြဲရေးနှင့် ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်ချက်များကိုသိရှိဖြည့်ဆည်းဆောင်ရွက်ရန်၊ မိဘများနှင့် မိဘအရွယ်ရှိသူတိုင်း ပညာသင်ကလေးသူငယ်များ ကျောင်းတော်သို့ ပို့ဆောင်ပညာသင်ကြားနိုင်စေရေး တိုက်တွန်းစည်းရုံးရန်နှင့် ပညာသင်ကြားစဉ် ခက်ခဲသော ကျောင်းသား၊ကျောင်းသူများအား ထောက်ပံ့မှုဆောင်ရွက်ရန်နှင့် ပညာရေးတွင် အလေးထားပူးပေါင်းသော လူမှုဝန်းကျင်အမြဲ ပေါ်ထွန်းနေစေရေးနှင့် သိတတ်နားလည်သော အနာဂတ်လူငယ်များ ပေါ်ထွန်းနေစေရေး စည်းရုံးဆောင်ရွက်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းအကျိုးတော်ဆောင်နှင့် ရပ်မိရပ်ဖများက ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြသည်။
ထို့နောက် ဘင်ခရာအဖွဲ့ များက နိုင်ငံတော်အလံအလေးပြုခြင်း၊ ကျောင်းသီချင်းတီးမှုတ် ပြီး ကျောင်းအုပ်ဆရာမကြီး ဆရာဆရာမများနှင့်ကျောင်းအကျိုးတော်ဆောင်များကို ချီတက် အလေးပြုခဲ့သည်။ အဆိုပါ ဘင်ခရာ(အခြေခံအဆင့်) သင်တန်းကို နိုဝင်ဘာလ ၂၆ ရက်နေ့မှ ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ သင်ကြားခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့