နောင်တရား မတ်လ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ၌ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးသည့် ကြက်သွန်ဖြူ စတင်ရိတ်သိမ်းချိန်တွင် ပုံမှန်ဈေးရရှိလျက်ရှိကြောင်း စိုက်ပျိုးရေးတောင်သူ တစ်ဦးထံမှ သိရသည်။
“အောက်တိုဘာလမှာ စိုက်တဲ့ ဆောင်းသီးနှံ ကြက်သွန်ဖြူကို ယခုလမှ စတင်ရိတ်သိမ်း ပါတယ် စသိမ်း စမှာတော့ ဒေသပေါက်ဈေးအရ ပုံမှန်ဈေးရနေပါတယ် အဆိုတစ်ပိဿာကို ကျပ် ၅၅၀၀ မှ ကျပ် ၆၈၀၀ အထိ ဈေးရနေပါတယ် ကြက်သွန်ဖြူက အရွယ်အစားပေါ်မူတည်ပြီး ဈေးအမျိုးမျိုးရှိပါတယ်၊ လုပ်သားခတွေ တစ်ရက်ကို ကျပ် ၁၀၀၀၀ပေးရပါတယ် ယခင်နှစ်တွေနဲ့ နှိုင်းယှဉ်ရင် ပုံမှန်ဈေးရနေတာပေါ့ ဒီထက်မက ဈေးကောင်းရဖို့ မျှော်လင့်ပါတယ်” ဟု ဝါပြုံးကျေးရွာမှ ကြက်သွန်ဖြူစိုက်တောင်သူတစ်ဦးက ပြောသည်။
ယခင်နှစ်တွင် ကြက်သွန်ဖြူတစ်ပိဿာ ထူး ၁ မှ ထူးလွန်အထိ ကျပ်၈၀၀၀ မှ ကျပ် ၁၂၀၀၀ အထိအရောင်းအဝယ် ဖြစ်ခဲ့သည်။ ယခုနှစ် ဆောင်းကြက်သွန်ဖြူ စတင်ရိတ်သိမ်းချိန် တွင် ကြက်သွန်ဖြူ ထူး ၃ မှ ထူးလွန်အထိ အဆိုတစ်ပိဿာ ကျပ် ၅၅၀၀ မှ ကျပ် ၆၈၀၀ အထိဈေးရလျှက်ရှိကြောင်း အောင်ပန်းကုန်စည်ဒိုင်သို့ ဆောင်းကြက်သွန်ဖြူ သွားရောက် ရောင်းချခဲ့သည့် ဝါပြုံးကျေးရွာမှ ကြက်သွန်ဖြူစိုက်တောင်သူတစ်ဦးထံမှ သိရသည်။ဆောင်းကြက်သွန်ဖြူကို နောင်တရားမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများ၌ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ ၂၀၂၃-၂၀၂၄ခုနှစ်အတွင်း ကြက်သွန်ဖြူစိုက်ဧကပေါင်း (၁၆၃၉) ဧက စိုက်ပျိုးကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး