ဟိုပုံး။ ဩဂုတ်။ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ထုတ်ချေးပေးထားသော လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ခုနှစ် ဩဂုတ်လ ၄ ရက် နံနက် ၉ နာရီခွဲက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အဖွင့်အမှာစကားပြောကြားပြီး၊ ရန်ပုံငွေချေးယူထားသောအစုအဖွဲ့များတို့က မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက ရန်ပုံငွေချေးယူထားသောအစုအဖွဲ့များအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ထုတ်ချေးပေးထားသော လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေး အတွက် ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များနှင့် ပေါင်းစပ်ကာ ရန်ပုံငွေများ လေလွှင့်ဆုံးရှုံးမှုများမဖြစ်စေရန် အလေးထားဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး (ညွှန်ကြားရေးမှူး)ဦးတင်ထူးမောင်၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များနှင့် ရန်ပုံငွေချေးယူထားသော အစုအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး