လားရှိုး စက်တင်ဘာ-၁၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ၊ တာဝန်ရှိသူများသည် စက်တင်ဘာ(၁၄)ရက် နံနက်(၈)နာရီက လားရှိုးမြို့၊ လားရှိုးတက္ကသိုလ်တွင် အဆင့်မြင့်ပညာဦးစီးဌာနရှိ ဆရာ၊ဆရာမများနှင့် တွေ့ဆုံကြောင်းသိရသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက မြန်မာနိုင်ငံတော်ကြီး၏ လူ့စွမ်းအား အရင်းအမြစ်ဖြစ်သော လူငယ်များသည် ဆရာကြီး၊ဆရာမကြီး များ၏လက်များတွင် ဦးတည်သလို မိဘများ၏ စောင့်ရှောက်မှုတွင်လည်း အရေးကြီးပါကြောင်း ၊ နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရန်တွင် ပညာတတ်များရှိရန် လိုပါကြောင်း၊ ကျောင်းသား၊ကျောင်းသူများသည် ဆရာ၊ဆရာမများ၏ သွန်သင် ဆုံးမမှုကို လိုက်နာကြသည်ကို တွေ့ရှိရပါကြောင်း၊ ရှေ့ဆက်လိုအပ်သည့် ပညာတတ်များ အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်လာရန် ဆရာ၊ဆရာမများ ရှေ့ဆောင်လမ်းပြ ဆောင်ရွက်ပေးမှသာ အောင်မြင်မှုရရှိမှာ ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ပညာတတ်ပေါများမှသာ နိုင်ငံတော် အဓွန့်ရှည်၍ ဖွံ့ဖြိုးတိုးတက်မှာဖြစ်သောကြောင့် နိုင်ငံတော် အကြီးအကဲက ပညာရေးကို အားသွန်ခွန်စိုက် အားပေး ဆောင်ရွက်နေသည်ကို ဆရာဆရာမများ အသိဖြစ်ပါကြောင်း၊ မိမိတို့လည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီကိုယ်စား ခရီးစဉ်များကို လာရောက် တွေ့ဆုံခြင်း ဖြစ်ပါကြောင်း ၊ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ကျောင်းသူများကို ဆုံးမသည့်အခါ ဗလငါးတန်နှင့် အညီ ဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးတို့က လားရှိုးတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်သို့ ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ တက္ကသိုလ် ပါမောက္ခချုပ် အသီးသီးနှင့် ကျောင်းအုပ်ဆရာမကြီးတို့မှ လက်ခံရယူကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် ကြကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့နှင့် ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများသည် လားရှိုးမြို့ ၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မောချယ်ရီ ခန်းမတွင် ပြည်နယ်၊ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ ဆရာ၊ဆရာမများနှင့်တွေ့ဆုံရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က နိုင်ငံရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူးရေးတို့၏ အခက်အခဲမှာ ပညာရေးသည် အဓိက ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးကလည်း စာတတ်မြောက်ရေးကို ဆောင်ရွက်နေပါကြောင်း၊ ကျောင်းသား၊ကျောင်းသူများ ကိုလည်း ကျောင်းစာသင်နေသည့်အခါတွင် ကျန်းမာရေး၊စိုက်ပျိုးရေးနှင့် အခြားကဏ္ဍများအား ထည့်သွင်း သင်ကြားပေးရန် နိုင်ငံတော်မှညွှန်ကြားပြီးဖြစ် ကြောင်း ၊ကျောင်းသား၊ကျောင်းသူများ လိမ္မာရေးခြားရှိရန်နှင့် ကျောင်းတက်ပျော်အောင် ဆောင်ရွက်ပေးရန်၊ ဆရာ၊ဆရာမများအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်အဖြစ် လူငယ်ကျောင်းသားများကို လူတော်လူကောင်းဖြစ် မွေးထုတ်ပေးရန် နိုင်ငံတော်က ဆရာ၊ဆရာမများကို မှီခိုအားထားနေရပါကြောင်း ပြောကြားသည်။
၎င်းနောက် လားရှိုးမြို့ ခရိုင်ပညာရေးမှူးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ဦးရန်ကျော်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးတို့က ဂုဏ်ပြုချီးမြှင့်ငွေများကို ပြည်နယ်၊ခရိုင်မြို့နယ်ပညာရေးမှူးရုံးတို့ကိုပေးအပ်ရာ ပညာရေးမှူးအသီးသီးမှ လက်ခံရယူကြပြီး ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြကြောင်း သိရသည်။
ယင်းနောက် လားရှိုးမြို့ ဂိုဏ်းပေါင်းစုံ ခရစ်ယာန်အသင်းတော်များ ကောင်စီသို့သွားရောက်တွေ့ဆုံရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က နှုတ်ခွန်း ဆက်စကားပြောကြားပြီး ဂိုဏ်းပေါင်းစုံ ခရစ်ယာန် အသင်းတော်ကောင်စီ တာဝန်ရှိသူတစ်ဦးမှ ဆွေးနွေးတင်ပြ၍ ကျေးဇူးတင်စကားပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်၊ဦးရွှေကြိမ်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးတို့က ဂိုဏ်းပေါင်းစုံ ခရစ်ယာန်အသင်းတော် ကောင်စီ အဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ရာ ဂိုဏ်းပေါင်းစုံ ခရစ်ယာန်အသင်းတော်ကောင်စီတာဝန်ရှိသူများမှ အသီးသီးလက်ခံရယူကြပြီး ကက်သလစ်အသင်းတော် ကျောင်းထိုင်ဆရာတော် Father Gorge မှအထူးမေတ္တာပို့ ဆုတောင်းနှင့် ကောင်းချီး မင်္ဂလာပေး၍ အလိုတော်ရှိရာ ဓမ္မသီချင်းကို အတူတကွ သီဆိုကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး