လားရှိုး စက်တင်ဘာ – ၁၂
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ဦးရန်ကျော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် အတူ စက်တင်ဘာ(၁၂)ရက် မွန်းလွဲ(၂)နာရီက လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ၊မြို့ဖများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက မိမိတို့ တာဝန်ထမ်းဆောင်စဉ်က ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အတူ ဦးတည်ချက်(၉)ရပ် ချမှတ်ခဲ့ပါကြောင်း၊ မိမိတို့ တာဝန်ထမ်းဆောင်ပြီး(၂)နှစ် အပြည့်တွင် ပထမ(၆)လတစ်ကြိမ်တိုးသည့် အချိန်တွင် ဦးတည်ချက်(၉)ရပ် အစား(၁၂) ပြောင်းလဲဆောင်ရွက် ခဲ့ပါကြောင်း၊ ဒုတိယအကြိမ် (၆)လသက်တမ်းတိုးသည့်အခါ ရှေ့လုပ်ငန်းစဉ်များ ပြောင်းလဲပြီး ဦးတည်ချက်(၁၂)ရပ်မှ(၉)ရပ်အဖြစ် ပြန်ပြောင်း၍ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်နေသည်ကို ပြည်သူများအား မျှဝေခြင်းဖြစ်ပါကြောင်း ၊နိုင်ငံတော်တွင် အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က မှာကြားပြီး ဖြစ်ပါကြောင်း၊ လူငယ်များ နောင်လူကြီးဖြစ်သည့်အခါ မိမိတို့နိုင်ငံကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ရမည်ဖြစ်သည့်အတွက် လူငယ်များပညာတတ်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံအတွက် ပညာတတ်ပေါ်ထွက်လာနိုင်ရန် မိမိတို့က ကြိုးပမ်းပေးရမည်ဖြစ်ကြောင်း၊ လူငယ်များလမ်းမှားမရောက်အောင် အတွေးခေါ်မမှားရအောင် အားလုံးက ဝိုင်းဝန်းတည့်မတ်ပေးပါက နိုင်ငံတော်ကြီး အေးချမ်းတည်ငြိမ်လာပြီး သာယာဝပြောသော နိုင်ငံတော်ကြီး ဖြစ်လာမည်ဖြစ်ကြောင်း၊ နိုင်ငံဆောင်ရွက်ရာတွင်လည်း ပညာတတ်မှ ဖြစ်မည်ဖြစ်၍ပညာရေးကို နိုင်ငံတော်အကြီးအကဲကလည်း အားပေးဆောင်ရွက်မှု အမြဲမပြတ် တိုက်တွန်းဆောက်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးတွင် တိုင်းရင်းသားပြည်သူများအားလုံး စာတတ်မြောက်ရန်နှင့် အတတ်ပညာများတတ်မြောက်နိုက်ရန် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက်နေ ပြည်သူများ စာတတ်မြောက်မှု အားနည်းနေပါကြောင်း၊ မြို့နေကျောင်းသား၊ကျောင်းသူများထက် ကျေးလက်တွင် ကျောင်းအပ်ရာခိုင်နှုန်း နည်းပါးနေပါကြောင်း၊ တိုင်းရင်းသားများတွင် ဘာသာစကားအခက်အခဲရှိပါကြောင်း၊ ကျေးလက်ဒေသတွင် လူငယ်များ ပညာရေးအားနည်းနေသည်ကို တွေ့ရပါကြောင်း၊ ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သောကြောင့် ပညာတတ်မြောက်ထားမှသာ ဘဝရပ်တည်ရေးကိုစိတ် အေးချမ်းသာစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပြဌာန်းဥပဒေကို သိရှိနားလည် မည်ဖြစ်ကြောင်း၊နိုင်ငံတော်အကြီးအကဲကလည်း အဆင့်မြင့်ပညာတွင် ဥပဒေဘာသာရပ်များ ပြဌာန်းထားရှိမှုများ ရှင်းလင်းသွားသည်ကို သိရှိမှာဖြစ်ကြောင်း၊နိုင်ငံတော် အနေဖြင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအကျုံးဝင်သည့် စိုက်ပျိုးရေး၊မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ် ငန်းများကို မြင့်တင်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရန် ပြည်သူလူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ မြင့်မားအောင် ဆောင်ရွက်လျက်ရှိသည် ကိုပြောကြားလိုပါကြောင်း၊ လူမှုစီးပွားဘဝတိုးတက်အောင်မြင်နိုင်ရန် ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍနှစ်ရပ်ပါဝင်နေသောကြောင့် ပညာရေးသည် မဖြစ်မနေတိုးတက်အောင် ဆောင်ရွက်ရမည် ဖြစ်၍ ပြည်သူများအားလုံး ကျန်းမာရေးကောင်မွန်စေရေး အတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးလုပ်ငန်းများ ဖြစ်ထွန်းရန် အလေးထား ဆောင်ရွက်နေသလို ဝင်ငွေရ စီးပွားရေးလုပ်ငန်းအောင်မြင်မှသာ စားဝတ်နေရေးနှင့် ကျန်းမာရေးအတွက် ကိုယ်ခံစွမ်းအား ကောင်းမွန်မှာဖြစ်ကြောင်း၊စီးပွားရေးဆောင်ရွက်ရာတွင် နိုင်ငံတစ်ဝန်းလုံး စိုက်ပျိုး၊မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နေကြသည့်အတွက် ဒေသအနေဖြင့် လက်တွေ့ကျသည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး ကုန်ထုတ်လုပ်ငန်းများကို အဓိကထား ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ကုန်ထုတ်လုပ်သည့်နေရာတွင် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်၍ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းကို ခေတ်နှင့်လျော်ညီစွာ ခေတ်မီစိုက်ပျိုးမွေးမြူရမည်ဖြစ်ကြောင်း၊ ဝင်ငွေများတိုးတက်လာပြီး စီးပွားရေးကောင်းမွန်လာမည်ဖြစ်ပြီး ကျန်းမာရေးနှင့်စားသောက်နေနိုင်ရေး အဆင့်မြင့်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က ပြည်သူလူများ၊ တိုင်းရင်းသားညီအကိုများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများအားနှင့်ပိုမိုထိတွေ့၍ ပူးပေါင်းညှိနှိုင်း ဖော်ဆောင်သွားနိုင်ရန်နှင့် နိုင်ငံတော်၏ စေတနာကို သိရှိနိုင်ရန်မိမိတို့အဖွဲ့မှလာရောက်ခြင်းဖြစ်ပါကြောင်း၊ အဓိကပြောလိုသည်မှာ ကျန်းမာရေးကောင်းမှ ပညာရေး၊စီးပွားရေး၊လူမှုရေးတို့ကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်တည်ဆောက်ရာတွင် အသိပညာရှင်၊ အတတ်ပညာရှင်များမွေးထုတ်ပေးနိုင်မှသာ ပိုမိုပြည့်စုံ သော ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက ဆွေးနွေးတင်ပြရာ “ဝ”တိုင်းရင်းသားစာပေ ယဉ်ကျေးမှုအဖွဲ့ ဗဟိုကော်မတီဥက္ကဋ္ဌ ဦးလုပ်ယွန်းမှ “ဝ”စာပေယဉ်ကျေးမှုကိစ္စရပ်များ၊ သင်ညွှန်းရိုးတန်းကိစ္စရပ်များ၊ ယဉ်ကျေးမှုကိစ္စရပ်များ ဆွေးနွေးတင်ပြ၍ လည်းကောင်း ၊ပလောင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးမိုင်းအိုက်ချာမှ စာပေယဉ်ကျေးမှုကိစ္စရပ်များ၊ ပညာရေးကိစ္စရပ်များ၊ စားဝတ်နေရေး ကိစ္စရပ်များ ဆွေးနွေးတင်ပြ၍လည်းကောင်း၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် တွဲဖက်အတွင်းရေးမှူး ဦးကျော်ဦးမှ စက်မှုဇုန်မှင့်မွေးမြူရေးဇုန်လုပ်ငန်းနှင့် ပတ်သက်၍ဆွေးနွေးတင်ပြ၍ လည်းကောင်း၊ ဆန်လုပ်ငန်းရှင် ဒေါ်နန်းအေးစိန်မှ ဆန်နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြ၍ လည်းကောင်း၊ စားသုံးဆီလုပ်ငန်းရှင် ဦးအောင်မင်းဦးက စားအုန်းဆီနှင့်ပတ်သက်၍ ဆွေးနွေး တင်ပြကြသည်။
၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက တိုင်းရင်းသား ပြည်သူများ၏ တင်ပြချက်များ၊ အပေါ်ဖြည့်ဆည်း ဆွေးနွေးဆောင်ရွက် ပေးခဲ့ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက နိဂုံးချုပ်စကား ပြောကြား၍ တက်ရောက်လာသော တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ဦးရန်ကျော်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးအောင်ကြည်ဝင်းတို့က ဂုဏ်ပြုချီးမြှင့်ငွေများပေးခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က အခမ်းအနား တက်ရောက် လာသူများ အား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြကြောင်း သိရှိရသည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ နှင့်တာဝန်ရှိသူများသည် လားရှိုးမြို့ မန်ဆူရှမ်းကျောင်း၊ လားရှိုးမြို့နယ် သံဃာနာယက ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုရ ဒေါက်တာဘဒ္ဒန္တတ ပုညနန္န(အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ)အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ(အဂ္ဂမဟာ သဒ္ဒမ္မဇောတိဓဇ)(အဂ္ဂမဟာကမ္မဋ္ဌာနစရိယ)တို့အား သွားရောက်ဖူးမျှော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ ပေးအပ်လှူဒါန်းပေးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး