ဆိုက်ခေါက် ဇွန်-၂၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ဇွန်(၂၈)ရက် နံနက်(၁၁)နာရီက ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း၊ ကျောင်းအုပ် ဦးခွန်အောင်မှန်မှ ကျောင်းနှင့် ပတ်သက်သည့် အချက်အလက်များ ရှင်းလင်းတင်ပြပြီး အမျိုးသမီးအိမ်တွင်းမှုလုပ်ငန်း၊ သက်မွေးပညာသင်တန်း ကျောင်းအုပ်ဒေါ်ခင်စန်းဝင်းမှ အိမ်တွင်းမှုနှင့် သက်မွေးသင်တန်းကျောင်း အချက်အလက်များ ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင်က လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်က မွေးထုတ်ပေးလျက် ရှိပါကြောင်း၊ ယနေ့ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် စည်းကမ်းရှိစွာ ကြိုးစားသင်ယူ ပေးကြရန်နှင့် မိမိတို့ရှေ့ဆောင် လမ်းပြကောင်းမှ နောင်လာမည့် မျိုးဆက်သစ်များအတွက် လမ်းပြကောင်းမှာ ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့်လည်း ကျောင်းသား၊ ကျောင်းသူများကို ရင်ဝယ်သားသဖွယ် စေတနာကောင်းဖြင့် မွေးထုတ်သင်ကြားပေးရန် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးခွန်စံလွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးတို့က နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု လုပ်ငန်း၊ သက်မွေးလုပ်ပညာ သင်တန်းကျောင်းအတွက် ထောက်ပံ့ငွေများ ပေးအပ်ရာ ကျောင်းအုပ်ကြီးနှင့် ဒုတိယကျောင်းအုပ်ကြီးတို့မှ အသီးသီးလက်ခံရယူကြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးခွန်စံလွင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီး များနှင့် တာဝန်ရှိသူတို့သည် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အိပ်ဆောင်များ၊ စိုက်ပျိုးရေးခြံ၊ ရေသန့်စက်ရုံ၊ စာကြည့်တိုက်၊ စတိုဆောင်နှင့် စားရိပ်သာတို့ကို လှည့်လည်ကြည့်ရှုကြကြောင်း သိရရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး