ဆိုက်ခေါင် ဇွန်-၂၈
ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရွှေမိုင်းစိတ် မြေသြဇာစက်ရုံ ဖွင့်ပွဲကို ဇွန်(၂၈)ရက် နံနက်(၁၀)နာရီက ဆိုက်ခေါင်-မောက်မယ်သွား ကားလမ်းဘေး၊ ဆိုက်ခေါင်ကျေးရွာ၌ ကျင်းပသည်။
စက်ရုံဖွင့်ပွဲတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ဇော်အေးက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိဘဲ မြေသြဇာစက်ရုံ တည်ဆောက်နိုင်သည့်အတွက် ဂုဏ်ယူပါကြောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်တွင်းအတွက် မြေသြဇာလုံလောက်အောင် ဆောင်ရွက်ပေးခြင်းနှင့် လူမှုစီးပွားဘဝ တိုးတက်မြင့်မား စေရေးနှင့် ဒေသခံတိုင်းရင်းသားများ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးခွန်ရဲထွေးက အဖွင့် အမှာစကား ပြောကြားပြီး ရွှေမိုင်းစိတ်မြေသြဇာ ကုမ္မဏီလီမိတက်၏ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းမြင့်အောင်သိန်းနှင့် ဦးကျော်ကိုထိုက်တို့မှ စက်ရုံဖွင့်လှစ်ရခြင်း အကြောင်းအရင်းနှင့် ကျေးဇူးတင်စကား ပြောကြားပြီး ရွှေမိုင်းစိတ် မြေသြဇာ ကုမ္ပဏီလီမိတက်၏ နည်းပညာအကြံပေး စိုက်ပျိုးရေးပညာရှင် ဦးသက်ဦး(BAg)မှ ရွှေမိုင်းစိတ်မြေသြဇာနှင့် ပတ်သက်၍ အပင်များအတွက် အကျိုးပြုမှုအား ရှင်းလင်း တင်ပြ၍ ဒေသခံတိုင်းရင်းသား တောင်သူတစ်ဦးမှ ရွှေမိုင်းစိတ်မြေသြဇာစက်ရုံ ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ သုံးသပ်စကား ပြောကြားသည်။
ထို့နောက် ရွှေမိုင်းစိတ်မြေသြဇာစက်ရုံအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်တင်ကိုကို၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချိုနိုင်ထွန်း၊ သရုပ်ဆောင် ကိုကျော်ကျော်နှင့် ဆုမြတ်နိုးဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီး များနှင့် တာဝန်ရှိသူတို့က စက်ရုံအတွင်း လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
အဆိုပါ ရွှေမိုင်းစိတ်မြေသြဇာစက်ရုံမှ သဘာဝဂျစ်ဆမ်မြေသြဇာ၊ သဘာဝဒိုလိုမိုက် မြေပြင်မြေသြဇာ၊ ဂျစ်(ပ်)ဆန်မြေသြဇာများ ထုတ်လုပ်လျက်ရှိကြောင်း သိရှိရသည်။