အောင်ပန်း နိုဝင်ဘာ-၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း (အောင်ပန်း) ဟိုတယ်ဝန်ဆောင်မှု သင်တန်း အမှတ်စဥ်(၂) သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ(၆)ရက် နံနက်(၉)နာရီက နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာတန်းကျောင်း(အောင်ပန်း)၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက စက်မှုလက်မှုသင်တန်းကျောင်း (အောင်ပန်း)အနေဖြင့် ယနေ့အထိ အခြေခံစက်မှုလက်မှုသင်တန်းကို တစ်ကြိမ်လျှင် သင်တန်းသား ၅၀ဦးဖြင့် (၂)ကြိမ်၊ အဆင့်မြင့်စက်မှုလက်မှုသင်တန်းကို ၃၅ဦးဖြင့်တစ်ကြိမ်၊ အိပ်ဆောင်ခန်း ထိန်းသိမ်းရေးနှင့် အဖျော်ယမကာသင်တန်းကို သင်တန်းသား ၄၀ဦး ဖြင့်တစ်ကြိမ် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး အလုပ်အကိုင် ရရှိမှုအနေဖြင့် သင်တန်းသား(၁၄၀)ဦးတွင် (၆၆)ဦးအား အလုပ်အကိုင် ရရှိရေး ဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း၊ မိမိတို့ဒေသအတွင်း စက်မှုလက်မှုလုပ်ငန်းများသာမက ဟိုတယ်သင်တန်းနှင့် ဆက်စပ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် စက်မှုလက်မှုနှင့် ဟိုတယ် သင်တန်းများအား တလှည့်စီ ဖွင့်လှစ်ပေးခြင်းဖြင့် ဒေသအတွင်း စက်မှုလက်မှုလုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဇုန်များ၊ ပင်းတယ၊ အောင်ပန်း၊ ကလော၊ အင်းလေး၊ တောင်ကြီးမြို့များရှိသည့် ဟိုတယ်များအတွက် လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါကြောင်း၊ ဒေသအတွင်းရှိ ဟိုတယ်လုပ်ငန်းရှင်များအတွက် လိုအပ်သော ကျွမ်းကျင်လုပ်သားများ ရရှိရေး ဒေသအတွင်း အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးဖော်ဆောင်ရေးတို့ကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဟိုတယ်ဝန်ဆောင်မှုသင်တန်း တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ညီညီဝင်းမှသင်တန်းနှင့် ပတ်သက်၍ စီစဥ်ဆောင်ရွက်ထားရှိမှုများ ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက သင်တန်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ညီညီဝင်းမှ လက်ခံရယူ၍ ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသော မှတ်တမ်းဓါတ်ပုံများ ၊ သင်တန်းတွင် အသုံးပြုမည့် သင်ထောက်ကူ ပစ္စည်းများ လှည့်လှည်ကြည့်ရူခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို သင်တန်းသား(၃၀)ဦး တက်ရောက်ကြပြီး သင်တန်းတွင် ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာ ဘာသာရပ်ဖြစ်သည့် အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း ၊ (HK)အစားအစာနှင့် အဖျော်ယမကာ ဝန်ဆောင်မှုသင်တန်း(F&B) သင်တန်းနှစ်မျိုးကို စာတွေ့ (၃)လ ကျွမ်းကျင်နည်းပြများဖြင့် သင်ကြား ပေးသွားမည် ဖြစ်ပြီး ဒေသအတွင်းရှိ ဟိုတယ်များတွင် လုပ်ငန်းခွင်သင်တန်း ( On Job Training) ၃ လ အား လက်တွေ့လေ့လာဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး