အောင်ပန်း ဇွန်-၂၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာ သင်တန်းကျောင်း (အောင်ပန်း) အိပ်ခန်းဆောင်သင်တန်း၊ ဧည့်ကြိုသင်တန်းနှင့် အစားအစာနှင့် အဖျော်ယမကာ ဝန်ဆောင်မှု သင်တန်းအမှတ် (၃) ဖွင့်ပွဲ ဇွန်(၂၄)ရက် နံနက်(၉)နာရီက အဆိုပါကျောင်း၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ် ဒေသတိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိရေးတို့ကို ဆောင်ရွက်နိုင်ရန် မူဝါဒ(၄)ရပ် ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များဖြင့် ဘဝရပ်တည်နိုင်ရေး လူနေမှုအဆင့်အတန်း မြင့်မားလာစေရေးတို့အတွက် နယ်စပ်အသီးသီးတွင် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှု ပညာသင်တန်း ကျောင်း(၉)ကျောင်း၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (၄၇)ကျောင်း ဖွင့်လှစ်လျက်ရှိပါ ကြောင်း၊ လက်ရှိသင်တန်းကျောင်းတွင် စက်မှုလက်မှု အခြေခံသင်တန်းများဖြစ်သည့် လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဥ်စက်ပြင်သင်တန်းနှင့် လက်ကိုင်ဖုန်းပြင်သင်တန်းတို့ကို သင်တန်းသား(၃၀)ဦးဖြင့် ၂၂ပတ်ကြာ ဖွင့်လှစ် သင်ကြား ပေးလျက်ရှိပါကြောင်း၊ ဒေသအတွင်း တိုင်းရင်းသူလေးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီး ဖော်ဆောင်ပေးလိုသည့် ရည်ရွယ်ဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနအနေနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း၊ အစားအစာနှင့် အဖျော်ယမကာဝန်ဆောင်မှုသင်တန်း အမှတ်စဥ်(၃)ကို သင်တန်းသူ(၃၀)ဦးဖြင့် ၂၀၂၄ခုနှစ် ဇွန်လ(၂၄)ရက်မှ စက်တင်ဘာလ(၆)ရက်နေ့အထိ စာတွေ့(၃)လ သင်ကြားပေးပြီး လုပ်ငန်းခွင် ကာလ(၃)လကို သက်ဆိုင်ရာ ဟိုတယ်များတွင် လက်တွေ့လေ့လာ ဆည်းပူးသင်ယူကြရမှာ ဖြစ်ကြောင်း၊ ယခင်အမှတ်စဥ် (၁)နှင့်(၂)ကို ဟိုတယ်ဝန်ဆောင်မှုသင်တန်းကို အမျိုးသားများသာ သီးသန့်သင်ကြားပေးပြီး အမှတ်စဥ်(၃)သင်တန်းကို အမျိုးသမီးများအား သီးသန့်သင်ကြားပေးသွားမှာဖြစ်ကြောင်း၊ သင်တန်းသူများကို မှာကြားလိုသည်မှာ သင်တန်းကာလပြီးမြောက်သည်အထိ တက်ရောက်ကြရန်၊ မိမိသင်ကြားရသော ဘာသာရပ်အလိုက် သင်ခန်းစာများကို စာတွေ့လက်တွေ့ ကျွမ်းကျင်စွာ တတ်မြောက်မှသာလျှင် မိမိရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် သင်တန်းဆင်းပြီး လက်တွေ့နယ်ပယ်တွင် အောင်မြင်စွာ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း၊ ခေတ္တကျောင်းအုပ် ဦးမင်းဗညားချမ်းတိန်မှ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်း တင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြ၍ သင်တန်းတွင် လက်တွေ့အသုံးချမည့် အိပ်ခန်းဆောင်ထိန်းရေး၊ အစားအစာနှင့် အဖျော်ယမကာတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများနှင့် လျှပ်စစ်ဘာသာရပ် သင်ကြားပို့ချနေမှု၊ ဖုန်းပြင်ဘာသာရပ် သင်ကြားနေမှုတို့ကို လှည့်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့