နမ့်ခမ်း အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် အတွင်းရှိ တောင်ပေါ်ဒေသ တစ်ကျောတွင် ပလောင်လက်ဖက် စိုက်ပျိုးသည့် ကျေးရွာများဖြစ်သည့် မန်အောင်ကျေးရွာ၊ ဆာလုကျေးရွာ၊ ကောင်းခေ ကျေးရွာ၊မန်လုံကျေးရွာ၊ကောင်းဝိုင်းကျေးရွာ၊အွယ်လောကျေးရွာတို့မှ စိုက်ပျိုးတောင်သူများသည် ပလောင် လက်ဖက်များကို အောက်တိုဘာလ ဒုတိယပတ်တွင် ရောင်းချရချိန်၌ ဈေးကောင်းရရှိကြောင်း သိရသည်။
လက်ဖက်ပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး တရုတ်၊အာသံ၊ကိုးကန့်နှင့်အင်ဒိုချိုင်းနားဟူ၍ မျိုး(၄)မျိုးရှိရာ မြန်မာနိုင်ငံတွင် အာသံမျိုးကိုသာ အဓိက စိုက်ပျိုးကြသည်။လက်ဖက်အဓိကစိုက်ပျိုးသောဒေသမှာ ရှမ်း ပြည်နယ်ဖြစ်ပြီး တောင်ပေါ်ဒေသများရှိ တောင်စောင်းများတွင် မိရိုးဖလာစိုက်ပျိုးနည်းစနစ်အပြင် လှေ ကားထစ်သဖွယ်ဖြင့်လည်း စိုက်ပျိုးကြသည်။ ရှေးဦးစွာ လက်ဖက်ညွန့်များကို လေသလပ်ခံဖြန့်ထားပြီး အရိပ် တွင်ထားရမည်။ထို့နောက် လက်ဖက်ကို ဒယ်အိုးဖြင့် (၃)မိနစ်ခန့်လှော်ရမည်။လှော်ပြီးသော လက်ဖက် များ ကို လက်ဖြင့်လှိမ့်နယ်ကာ နယ်ထားသော လက်ဖက်များကို နေရောင်တွင် လှန်းရမည်။ နေရောင်တွင် လှန်း ထားခြင်းဖြင့် လက်ဖက်အရောင်ကို ပိုမိုတောက်ပလာစေမည်။အစိုဓာတ်မပြန်စေရန်အတွက် အစိုဓာတ် မရှိ အောင် အခြောက်ခံထားရပါမည်။အနံ့များ စုပ်ယူမှုမရှိစေရန်အတွက်လေလုံသော ပလပ်စတစ်အိတ်ခွံဖြင့် ထုတ်ပိုးထားရမည်။ရရှိလာသည့် ပလောင်လက်ဖက်ခြောက် များကို နမ့်ခမ်းမြို့မဈေး၊နီးစပ်ရာ မြို့နယ်များသို့ လည်း တင်ပို့ရောင်းချပါသည်။ လက်ဖက်ခြောက် တစ်ပိဿာ လျှင် (၁၀၀၀၀/-)ကျပ်နှင့်လက်ဖက်အစို တစ် ပိဿာလျှင်(၅၀၀၀/-)ကျပ်ဈေးနှုန်းဖြင့် ရောင်းချနိုင်ကာ ပလောင်လက်ဖက်လုပ်ငန်းက အဆင်ပြေချောမွေ့ ပြီး ဈေးကောင်းရရှိနေပါကြောင်း ပလောင်လက်ဖက် လုပ်ငန်းလုပ်ကိုင်သူ လက်ဖက်ခြံပိုင်ရှင် ဦးမိုင်းမောင် မောင်ဟန် ထံမှ သိရပါသည်။
နမ့်ခမ်းမြို့နယ်ရှိ လက်ဖက်ပင်များသည် သက်တမ်းရင့် လက်ဖက်ပင်များဖြစ်ပြီး ဓာတ်မြေဩဇာများ၊ ဓာတုပိုးသတ်ဆေးများ အသုံးပြုခြင်းမရှိဘဲ သဘာဝမြေဩဇာဖြင့်သာ စိုက်ပျိုးထားရှိသော လက်ဖက်ပင်များ ဖြစ်ပါသောကြောင့် စားသုံးသူများအနေဖြင့် ဘေးဥပတ်အန္တရာယ် ကင်းဝေးစေပါသည်။ လက်ဖက်မှ ကျန်းမာရေး ကောင်းကျိုးများအနေဖြင့် အမိုင်နိုအက်စက်၊Vitamin Bနှင့်Vitamin Eတို့ပါဝင်သည့်အတွက် သွေးဖိအား ကို ထိန်းညှိပေးပြီး ခန္ဓာကိုယ် အဆီများကိုလည်း ကျစေနိုင်ကာ နမ့်ခမ်းမြို့နယ်သည် လက်ဖက် ကောင်းထွက် ရှိရာ ဒေသတစ်ခု ဖြစ်ကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး