ပင်းတယ စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ကျုံးအခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက်၉ နာရီက ကျုံးအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊
မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဌာနမှတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ရှေးဦးစွာ ကျုံးအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက“မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် ပညာရေးသည် နိုင်ငံတော်တည်ဆောက်ရေး၏ အခြေခံအုတ်မြစ် ဖြစ်သောကြောင့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရာမှာ လူသားအရင်းအမြစ်များဖြစ်သည့် အသိပညာရှင်၊အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များ လိုအပ်ပါကြောင်း၊ လူသားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရန်နှင့် အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်နိုင်ရန် ပညာရေးကို အဓိကဦးစားပေး ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ ပညာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် မိဘ၊ ဆရာ၊ကျောင်းသားများ စည်းလုံးညီညွှတ်စွာဖြင့် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊အခြေခံပညာကျောင်း များမှ ကာယ ဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုတဲ့ဗလငါးတန်ပြည်စုံသည့် ကျောင်းသား၊ ကျောင်းသူများပေါ်ထွက်လာစေရန် ပြုစုပျိုးထောင် ပေးဖို့ လည်းလိုအပ်ပါကြောင်း၊ ဆရာ/ဆရာမများမှ ကျောင်းသား/ကျောင်းသူများ တတ်မြောက်မှုမြင့်မားရေးအတွက် အားကြိုးမာန်တက် သင်ကြားပို့ချပေးခဲ့သလို ကျောင်းသား/ကျောင်းသူများကလည်းသင်ယူလိုစိတ်ပြင်းပြကာ ကြိုးစားသင်ယူခဲ့ကြတဲ့အတွက် ယခုလို အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ကျောင်းသား/ကျောင်းသူများ အနေဖြင့် အသိပညာရှင်၊အတတ်ပညာရှင်များဖြစ်အောင် ကြိုးစားကြပြီး နောင်တစ်ချိန်မှာ နိုင်ငံ့တာဝန်ကိုပခုံးပြောင်းထမ်းဆောင်နိုင်သော လူသားအရင်းအမြစ်များ ဖြစ်လာအောင် ဆက်လက်ကြိုးစား သင်ယူသွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကျုံးအခြေခံပညာ အထက်တန်းကျောင်းမှ ၂၀၂၃-၂၀၂၄ပညာသင်နှစ်တွင် ကာယ၊ဉာဏထူးချွန်ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဆုလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးအာကာလင်းနှင့်အဖွဲ့သည်ကျုံးအခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ ပွင့်သစ်ဝေကုမ္ဗဏီမှ တာဝန်ယူတည်ဆောက် နေသည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း အလျား (၁၇၄)ပေ၊အနံ (၃၂)ပေ၊ RCC (၃)ထပ် စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး ပွင့်သစ်ဝေကုမ္ဗဏီမှ တာဝန်ရှိသူများကလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမှ လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး