ပင်လောင်း နိုဝင်ဘာ ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ လက်ဖက်၊ ပြောင်း၊ ဂျင်း၊ အာလူး၊ ခရမ်းချဉ်၊ လိမ္မော်၊ ပန်းမုန်လာနှင့် ဂေါ်ဖီထုပ် စသည်များ စိုက်ပျိုးကြပြီး မြန်မာနိုင်ငံအနှံ့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ယင်းစိုက်ပျိုးသီးနှံများအနက် လိမ္မော်စိုက်ပျိုးပြီး ဝင်ငွေကောင်းမွန်လျက်ရှိသည့် ပင်လောင်းမြို့နယ်၊ ထီပေါင်းကျေးရွာအုပ်စု၊ ထာငိုကျေးရွာမှ တောင်သူတစ်ဦးအား လိမ္မော်သီးများ စိုက်ပျိုးတင်ပို့ရောင်းချနေမှုအခြေအနေကို တွေ့ဆုံမေးမြန်းခဲ့ရာ လိမ္မော်သီးကို ၂၀၁၃ ခုနှစ်ကနေမှ စတင်စိုက်ပျိုးခဲ့ပြီး ဘိုးဘေးတွေ စတင်လုပ်ကိုင်ခဲ့တဲ့ လုပ်ငန်း ဖြစ်ကြောင်း၊ အစဉ်အဆက်စိုက်ပျိုးလာခဲ့ရာမှ ယခုဆိုရင် ဒီလိမ္မော်ခြံက နှစ်ပေါင်း ၁၀ နှစ်ကျော်ခဲ့ပြီးဖြစ်ကြောင်း၊ မစိုက်ပျိုးခင်အရင်ဦးဆုံး ပေါင်းမြက်များကို ရှင်းလင်းခြင်း၊ မြေတွေကို မွသွားအောင် ထွန်စက်နှင့်ထွန်ခြင်း၊ ထွန်ပြီးသား မြေကို ညီညာနေအောင်ညှိပေးခြင်း၊ အပင်မစိုက်မီ သုံးလခန့်ကြိုတင်၍ ကျင်းများကိုနှစ်ပေပတ်လည် နှစ်ပေအနက်တူးပြီး နွားချေးနှင့်မြေဆွေးများကို စိုက်ကျင်းအထက် လေးလက်မမောက်အောင်ဖို့ကာ မြေနှပ်ထားခြင်း၊ ပင်ကြားတန်းကြား အကွာအဝေးမှာလည်း တစ်ပင်နှင့်တစ်ပင် ထိမနေစေဖို့ လိုအပ်ပါကြောင်း သိရသည်။
လိမ္မော်စိုက်ပျိုးဖို့အကောင်းဆုံး မြေချဉ်ငံဓာတ်က pH(၆၇)ဖြစ်ရန်၊ ရေဝပ်သောမြေနှင့် စိမ့်ပေါက်သောမြေတွေမှာ အပင် မဖြစ်ထွန်း နိုင်ပါကြောင်း၊ ပျိုးပင်သက်တမ်း အနည်းဆုံး တစ်နှစ်ခွဲနှင့် နှစ်နှစ်ခန့်ရှိမှသာ ကျင်းထဲထည့် စိုက်ပျိုးသင့်ပါကြောင်း၊ မိုးရွာသွန်းမှုပေါ်မူတည်ပြီး ဇွန်၊ ဇူလိုင်လနှင့်ဩဂုတ်လများတွင် စိုက်ပျိုးသင့်ကြောင်းသိရသည်။ အပင်များကောင်းမွန်စွာ ရှင်သန်စေရန် အပင်ခြေတွင်ရှိသော ပေါင်းပင်၊ မြက်ပင်များကို အမြဲရှင်းထားရမည်ဖြစ်ကြောင်း၊ အပင်ငယ်များတွင်လည်း အပင်၏ ဘေးပတ်ဝန်းကျင် နှစ်ပေပတ်လည်၊ အပင်ကြီးလျှင် (၄)ပေပတ်လည်ထိ ပေါင်းမြက်များကို ရှင်းလင်းရမည်ဖြစ်ကြောင်း၊မြေကို မိုးရာသီတွင် (၂)ကြိမ်၊ နွေရာသီတွင် (၁ကြိမ်) ဆွပေးရကြောင်း၊ အပင်အတွက် လိုအပ်တဲ့ အာဟာရများကို မိုးဝင်ခါစ မေလနဲ့ ဇူလိုင်လမှာ သဘာဝမြေဩဇာ ဖြစ်သည့် နွားချေးကို ထည့်သည့်အပြင် (N:P:K) အချိုးပါတဲ့ မြေဩဇာကိုလည်း ထည့်ကြကြောင်း၊ အများအားဖြင့် လိမ္မော်ပင်ကို ရွက်ထွင်းပိုး၊ ပျ၊ ပိုးစေးနဲ၊လှေပိုးများ အများဆုံး ကျရောက်တတ်သည့်အတွက် ပင်လုံးပြန့် ပိုးသတ်ဆေးတစ်မျိုးမျိုးကို ဖျန်းပေးရ ပါကြောင်း၊ သီးလုံးပုပ်ရောဂါ၊ရွက်ပြောက်မှိုရောဂါများမကျအောင် ဩဘာမှ ထုတ်သည့် ဖန်ဂိုရမ်၊ ဂျက်ကက်၊ မန်ကိုမက်တွေကို စနစ်တကျ ဖော်စပ်ပြီး၍ နည်းစနစ်မှန်မှန် မကြာခဏ ဖျန်းပေးရမည် ဖြစ်ကြောင်းသိရသည်။
ဒေသထွက်လိမ္မော်သီးသည် အောက်တိုဘာမှ ဒီဇင်ဘာလအထိ ခူးဆွတ်ရောင်းချပြီး တင်ပို့ရောင်းချမှုနှင့် ပတ်သက်၍ ပင်လောင်းမြို့နယ်ရှိ ငါးရက် တစ်ဈေး၊ လွိုင်ကော်၊ အောင်ပန်းကုန်စည်ဒိုင်များမှတစ်ဆင့် ရန်ကုန်၊ မန္တလေး နဲ့ နေပြည်တော် မြန်မာနိုင်ငံ အနှံ့အပြားတော့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် လုင်ငန်းရှင်ကြီးများနှင့် ချိတ်ဆက်ပြီး ပြည်ပနိုင်ငံ များကို တင်ပို့ရောင်းချနိုင်ရန်အတွက် ကြိုးစားရမည်ဖြစ်ပြီး အသီးများကို အရွယ်အစားလေးမျိုးခွဲခြားထား၍ တစ်ပိဿာလျှင် တစ်ဆိုဒ်ကို (၄၅၀၀-၅၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ နှစ်ဆိုဒ်ကို(၃၀၀၀-၄၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ နံပါတ် သုံးဆိုဒ်ကို (၂၀၀၀-၂၇၀၀)ကျပ်ဖြင့် လည်းကောင်း၊ နံပါတ်လေးဆိုဒ်ကို (၁၀၀၀-၁၅၀၀)ကျပ်ဖြင့် လည်းကောင်း အမျိုးမျိုးရောင်းရကြောင်း သိရှိရသည်။
ယခုလိမ္မော်ခြံတွင် အပင်ပေါင်း (၁၂၀၀)ကျော်ရှိသည့်အတွက် စီးပွားဖြစ်စိုက်ပျိုးမှု လုပ်ငန်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း၊ လိမ္မော်ပင်သည် နှစ်ရှည်ပင်ဖြစ်သည့်အတွက် နှစ်ကာလကြာမှ တစ်ကြိမ်သာ စိုက်ပျိုးရသဖြင့် မစိုက်ပျိုး ရသေး‌သောတောင်သူများလည်း စိုက်ပျိုးစေလိုကြောင်း၊ စစိုက်ပျိုးပြီး ငါးနှစ်လောက်မှသာ အသီးသီးပြီး နှစ်စဉ်မိသားစုဝင်ငွေရရှိ၍ စိုက်ပျိုးကြဖို့နှင့် စိုက်ပျိုးပြီးရင်လည်း ၎င်းခြံကိုပစ်မထားဘဲ သေချာဂရုစိုက်ထိန်းသိမ်းကာကွယ်၍ မိသားစုဝင်ငွေတွေကောင်းမွန်လာမည် ဖြစ်ပြီး နှစ်စဉ်ပုံမှန်ဝင်ငွေရရှိ၍ လူနေမှုဘဝမြင့်မားစေရန် အထောက်အကူ ဖြစ်စေသောကြောင့် လိမ္မော်သီး စိုက်ပျိုးရောင်းချ လျက်ရှိ ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး