တောင်ကြီး နိုဝင်ဘာ-၂၅
တန်ဆောင်မုန်းလ၏ အနှစ်သာရမှာ ကထိန်သင်္ကန်းကပ်လှူပွဲ၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ၊ ဆေးပေါင်းခသည့် မဲဇလီဖူးသုပ်ပွဲ၊ ကျီးမနိုးပွဲ၊ တောင်ထိပ်သဘင်ပွဲနှင့် မီးပုံးပျံပွဲ စသည့် ရိုးရာဓလေ့ပွဲများ ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်း၌ နိုဝင်ဘာ(၂၄)ရက် စတုတ္ထညတွင် ကွင်းလုံးပြည့် ဒေသခံပြည်သူများ၊ ရပ်ဝေး/ရပ်နီး ဧည့်သည်များ၊ ပွဲတော်လာ ပရိတ်သတ်များမှ ညမီးကြီး စိန်နားပန်မီးပုံးပျံ၏ ပုံဖော်အလှများ၊ ယမ်းမီးကြီး မီးပုံးပျံ၊မီးရှုး၊မီးပန်း၊ ခိုပျံ၊ ငါးရှဥ့်မီး၊ ပုလဲစီ၊ ရေတံခွန်၊ ကလိုက်ဒါ၊ ခိုပျံမီးအလှအပများကို လာရောက်ကြည့်ရှုခံစား၍ ဓါတ်ပုံအလှများ ရိုက်ကူးကာ ရုပ်ရှင်နှင့်သရုပ်ဆောင်များ၊ ဒေသခံအဆိုတော်များမှ ခေတ်ပေါ်တီးဝိုင်းဖြင့် ဖျော်ဖြေတင်ဆက်နေမှုတို့ကို အေးချမ်းပျော်ရွှင်စည် ကားသိုက်မြိုက်စွာ ပွဲတော်ကို ဆင်နွဲကြကြောင်း သိရသည်။
နိုဝင်ဘာ(၂၄)ရက်နေ့တွင် နေ့လွှတ်မီးပုံးပျံ ခြေနှစ်ချောင်း အရုပ်များဖြစ်သည့် အောက်ချင်းဌက်၊ ဌက်မင်းသား၊ဟင်္သာ၊ခို၊ဘဲ၊ ဟင်္သာအရုပ်(၅)လုံး၊ ခြေလေးချောင်းတွင် ဆင်ရုပ်၊ ကြံ့ရုပ်၊ နွားလာဥဿဖ အရုပ်(၃)လုံး၊အရုပ်အုပ်စုတွင် ကြက်(၃)ကောင်၊ ရှဥ့်(၃)ကောင် အရုပ်တို့ကို ပါဝင်ယှဥ်ပြိုင်လွှတ်တင်ကြပြီး ညပိုင်းတွင် စိန်နားပန်မီးပုံးပျံ(၃)လုံး၊ ညမီးကြီးယမ်းမီး(၂၂)ပေ(၃)လုံး၊ (၂၅)ပေမီးပုံးပျံ(၂)လုံး တို့ကို ပါဝင်ယှဥ်ပြိုင် လွှတ်တင်ပေးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး