တောင်ကြီး ဇူလိုင်-၁၉
(၇၆)နှစ်မြောက် အာဇာနည်နေ့ ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ဇူလိုင်(၁၉)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့၊မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဆရာတော်၊သံဃာတော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်တို့က “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး တောင်ကြီးမြို့ မဟာဓမ္မိကာရာမ ကျောင်းတိုက်၊ ဦးစီးပဓာနနာယက နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့၊ အဖွဲ့ဝင် ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္စမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဓမ္မာနန္ဒာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊သံဃာတော်များက မေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ပွားပေးကြသည်။
ဆက်လက်၍ ဆရာတော်၊သံဃာတော်များအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြပြီး လှူဒါန်းမှုအစုစုအတွက် တောင်ကြီးမြို့၊ သိမ်တောင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ပြည်နယ်သံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌ ဆရာတော်အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တတေဇဝန္တထံမှ အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေကြ၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး တို့က ဆရာတော်၊သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့