တောင်ကြီး ဧပြီ-၈
ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၄ ခုနှစ်၊ အခြေခံစာတတ်မြောက်ရေး လုပ်ငန်း ဖွင့်ပွဲကို ဧပြီ(၈)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ၂၀၂၁-၂၀၃၀ ရည်မှန်းချက် ထဲတွင် ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်သည့် ကျောင်းပြင်ပပညာရေး နည်းလမ်းဖြင့် ကျောင်းသင်ပညာရေးစနစ်တွင် အကြောင်း အမျိုးမျိုးကြောင့် သင်ယူခွင့် မရရှိခဲ့ကြသည့် ကလေးသူငယ်များကို ကျောင်းပြင်ပ မူလတန်းပညာရေးနှင့် ကျောင်းပြင်ပ အလယ်တန်းပညာရေး အစီအစဥ်များကို သင်ကြားနိုင်အောင် နှစ်အလိုက် မြို့နယ်များ တိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ အသက်(၁၅)နှစ် နှင့် အထက်ရှိ စာမတတ်သူများအား အရေး၊ အဖတ်၊ အတွက် တို့ကို ဦးတည်သင်ကြားပေးသည့် အပြင် (စာမတတ်သူ) စာသင်သားများ၏ မိသားစုများ၏ လူနေမှုဘဝ မြင့်မားရေး အစီအစဥ်များကို အသိပညာပေးခြင်း၊ ကျွမ်းကျင်မှုပေးခြင်းတို့ဖြင့် ယှဥ်တွဲလျက် စာတတ်မြောက်ရေး သင်ကြားခြင်း အစီအစဥ်များအား နှစ်အလိုက် ခရိုင်၊ မြို့နယ်များ တိုးချဲ့သင်ကြားပေးခြင်း တို့ကို ပညာရေးဝန်ကြီးဌာနနှင့် ဒေသအစိုးရအဖွဲ့များ ပူးပေါင်း၍ စာမတတ်သူ ပပျောက်ရေး အစီအစဥ်များကို လုပ်ပေးလျက်ရှိပါ ကြောင်း၊ ၂၀၂၄ခုနှစ်၊ ဧပြီလ(၆)ရက်နေ့မှစ၍ ရက်ပေါင်း(၄၀)အနည်းဆုံး နာရီပေါင်း(၁၂၀) (၁)ရက်လျှင် ပျမ်းမျှ(၃)နာရီနှုန်း တို့ဖြင့် စတင်ဆောင်ရွက်သွားမည့် ရှမ်းပြည်နယ်ရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး လုပ်ငန်းများတွင် (၁၅)နှစ်နှင့် အထက် (စာမတတ်သူ)များအနက် စာရင်းပေးသွင်းထားသည့် သင်ယူလိုသူ (၆၉၀၅)ဦးကို အခြေခံပညာအထက်တန်း အဆင့်နှင့် အထက်ရှိသူ ဒေသန္တရ စေတနာလုပ်အားပေး နည်းပြနှင့် ကြီးကြပ် (၅၈၉)ဦးတို့က စာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းမှ ရရှိထားသည့် အသိပညာ၊ ဗဟုသုတများနှင့် ကျွမ်းကျင်မှုများကို အခြေပြုပြီး စာတတ်မြောက်ရေးကို သင်ကြားပေးသွားမည့် ဖြစ်ကြောင်း၊ လိုအပ်သောအုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုအစီအစဥ်များကို ချမှတ်လျက် ရပ်ကျေး၊မြို့နယ်နှင့် ခရိုင်စာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များက လက်တွေ့ကျကျ ပံ့ပိုးကူညီလုပ်ဆောင် ပေးရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် မှာကြားလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက စာတတ်မြောက်ရေးနှင့် ကျောင်းပြင်ပ ပညာရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ကျောင်းပြင်ပ ပညာရေး၏ ကဏ္ဍတစ်ခုဖြစ်သည့် စာတတ်မြောက်ရေးလုပ်ငန်း “မနီပြုံးနိုင်ပြီ” ပညာပေး ဇာတ်လမ်းတို ဗီဒီယိုပြသကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး