တောင်ကြီး သြဂုတ်-၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရ ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် အသက်(၅)နှစ်အောက်ကလေးများအား အင်အားပြည့် ဗီတာမင်အေဆေးလုံးနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို သြဂုတ်(၂၂)ရက်နံနက်(၉)နာရီက တောင်ကြီးမြို့ ၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ဦးစွာပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးမှ ဆရာမဒေါ်မို့မို့လွင် (ပြည်သူ့ကျန်းမာရေး အာဟာရဌာန)မှ ကိုယ်ဝန်ဆောင်မိခင်နှင့် ငါးနှစ်အောက်ကလေးများ အား အာဟာရနှင့် ပတ်သက်၍ ကျန်းမာရေးပညာပေးခြင်းများ ဟောပြောရှင်းလင်းကြောင်း သိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က အသက်(၅)နှစ်အောက်ကလေးများအား အင်အားပြည့် ဗီတာမင်အေဆေးလုံးနှင့် သန်ချဆေးလုံးများတိုက်ကျွေးပေးကြပြီး ကိုယ်ဝန်ဆောင်မိခင်များအား ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၏ဇနီး၊ ပြည်နယ်ဝန်ကြီးများ၏ ဇနီးများနှင့် အမျိုးသမီးရေးရာအဖွဲ့၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့က အဏုအာဟာရ ဆေးပြားများနှင့် ဘီဝမ်းဆေးပြားများပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အာဟာရပစ္စည်းများထောက်ပံ့ပေးအပ်ပွဲတွင် ကိုယ်ဝန်ဆောင်မိခင်(၁၀၀)ဦး၊ တောင်ကြီးမြို့ပေါ် မူလတန်းကြိုကျောင်းမှ အသက်(၅)နှစ်အောက်ကလေး(၂၂၀)ဦးတက်ရောက်ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး