တောင်ကြီး ဇွန်-၃၀
ရှမ်းပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ၂၀၂၄ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လူထုအသိပညာပေး Bill Boardစိုက်ထူခြင်းကို ဇွန်(၃၀)ရက်နံနက်(၈)နာရီခွဲက တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်ချုပ်ပန်းခြံရှေ့တွင် ကျင်းပသည်။
၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လူထုအသိပညာပေး Bill Boardအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူးဦးအောင်မျိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူတို့က လူထုအသိပညာပေး သန်းခေါင်စာရင်း Bill Boardအား အမွှေးနံသာရည်များဖြင့် ပက်ဖြန်းပေးကြပြီး အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာတပ်ဖွဲ့နှင့် ပန်းဖွားအဖွဲ့တို့ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူးတို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသော သန်းခေါင်စာရင်းကော်မတီဝင်များနှင့် ဧည့်သည်တော်များ၊ ဘင်ခရာတပ်ဖွဲ့၊ ပန်းဖွားအကအဖွဲ့တို့အား လူထုလှုံ့ဆော်ရေးအထိမ်းအမှတ် သန်းခေါင်စာရင်းရှပ်အင်္ကျီများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
၎င်းနောက် အောင်ပန်းမြို့၊ အမှတ်(၂)တပ်မတော်ဆေးရုံ ခုတင်(၇၀၀) ဆေးပဒေသာပင်အတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများ သွားရောက်လှူဒါန်းပေးရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ယခုကဲ့သို့ ဆေးပဒေသာပင်အလှူငွေ ပေးအပ်လှူဒါန်းရခြင်းအတွက် များစွာဝမ်းမြောက်မိပါကြောင်း၊ တပ်မတော်ဆေးရုံတွင် အခြားပြင်ပလူနာများကိုပါ လက်ခံကုသပေးနေသည်ကို ကြားသိရပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအား ပုံမှန်ကျန်းမာရေး စစ်ဆေးပေးခြင်းအတွက် များစွာကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဆေးပဒေသာပင်အတွက် အလှူငွေ ကျပ်သိန်း(၁၀၀) ပေးအပ်လှူဒါန်းပေးရာ အမှတ်(၂)တပ်မတော် ခုတင်(၇၀၀)ဆေးရုံအုပ်ကြီးမှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်း သိရှိရသည်။ ဆက်လက်၍ အမှတ်(၉၀၃) အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမှတ်(၃၅၅) အမြောက်တပ်ရင်း၊ ဇောတိရိပ်သာ၌ တိုက်ပွဲရှောင်ရဲမေ၊ မှီခိုသူများအား ထောပ်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်အမှာစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများပေးအပ်ရာ တိုက်ပွဲရှောင်ရဲမေ၊ မှီခိုသူများကိုယ်စား အမှတ်(၅၀၇) အမြောက်တပ်ရင်း၊ တပ်ရင်းမှူးမှ လက်ခံရယူကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့