တောင်ကြီး                                                                       ဇွန်-၁၂

၂၀၂၃ခုနှစ် ရှမ်းပြည်နယ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန်၁၂ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့၊ တောင်ကြီး(ထင်း) ကြိုးဝိုင်းအနီး၊ လွိုင်ခမ်း အိမ်ရာစီမံကိန်း အနီး၌ ကျင်းပသည်။

သစ်ပင်စိုက်ပျိုးပွဲတော်တွင်  ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ၂၀၂၃ခုနှစ် မိုးအကြိုနှင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရန်၊ သစ်တောသံယံဇာတများ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်ရန်၊ သစ်တော ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင် လာစေရန်နှင့် အင်းလေးကန် ရေဝေရေလဲဒေသတွင် သစ်တောများ ပြန်လည်ဖြစ်ထွန်း လာစေရန် ရည်ရွယ်ပြီး ကျင်းပရခြင်း ဖြစ်ပါကြောင်း ယနေ့စိုက်ပျိုးပေးမည့် သစ်ပင်များသည် အပင်အမြင့် (၃)ပေနှင့် အထက်ရှိသော ထင်းရှူး (၂၀၀)ပင်၊ ချယ်ရီ (၃၀၀)ပင်၊ စိန်ပန်းပြာ (၃၀၀)ပင်၊ စိန်ပန်းနီ (၁၂၀)ပင် စုစုပေါင်း ပျိုးပင်(၉၂၀)ပင် စိုက်ပျိုးပေး သွားမည် ဖြစ်ကြောင်း၊ သစ်တောသစ်ပင် မပေါက်ရောက်သည့် ကျောက်တောင်မြေများတွင် သစ်ပင်စိုက်ပျိုးပွဲတော် ဖြစ်မြောက်ရေးအတွက် သစ်တောဦးစီးဌာနနှင့် ဝိုင်းဝန်းကူညီ အားဖြည့်ဆောင်ရွက်ပေးသော လွိုင်ခမ်းအိမ်ရာ စီမံကိန်းမှ တာဝန်ရှိသူများကို အထူးကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားသည်။

ဆက်လက်၍ သစ်ပင်များစိုက်ပျိုးရန် ပျိုးပင်များကို ပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများအား ပေးအပ်၍လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးက အမျိုးသမီးရေးရာအဖွဲ့နှင့် ဒေသခံ ပြည်သူများအား ပေးအပ်ကြပြီး  ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်တရားလွတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်ဥပဒေချုပ်၊  ပအိုဝ်း ၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှုးတို့က သစ်ပင်စိုက်ပျိုးမည့် နေရာတွင် နေရာယူ၍ သစ်ပင်စိုက် ပျိုးပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သစ်ပင်စိုက်ပျိုုး ပေး‌နေသော ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ ဒေသခံပြည်သူလူထုတို့အား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့