တောင်ကြီး ဧပြီ-၁
၂၀၂၄ခုနှစ်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို ဧပြီ(၁)ရက် နံနက်(၉)နာရီက ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပသည်။
နွေရာသီ အခြေခံအားကစား သင်တန်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နွေရာသီအခြေခံအားကစား သင်တန်းများ ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ လူငယ်မောင်မယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ပြီး အားကစားအသိ စိတ်ဓာတ်များ ပိုမိုသက်ဝင် ယုံကြည်ကာ ကာယ၊ ဥာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရေး၊ မိမိဝါသနာပါရာ အားကစားနည်းများကို လေ့ကျင့်လိုက်စား စေခြင်းဖြင့် အမျိုးသားအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ နွေရာသီအခြေခံ အားကစားသင်တန်းများမှ ဗီဇပါရမီရင့်သန်၍ အောင်မြင်မှု အလားအလာရှိသော ရွက်ပုန်းသီး မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာပြီး ဆက်လက်လေ့ကျင့်ပေးသွားနိုင်ရေး၊ ကျောင်းသား၊ ကျောင်းသူများ နွေရာသီအားလပ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်လာစေရေး စသည့် ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ နွေရာသီအခြေခံအားကစားသင်တန်းများမှ စပြီး နိုင်ငံတော်အတွက် ရွက်ပုန်းသီးမျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေး လူငယ်လူရွယ်များ အားကစားကို စိတ်ပါဝင်စားပြီး ကာယ၊ ဥာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ရည်မှန်းကာ လူအား၊ ငွေအား၊ ပစ္စည်းအားနှင့် ရင်းနှီးသင်ကြားပေးနေသလို သင်တန်းသား လူငယ်မောင်၊ မယ်များအနေဖြင့် ယခုလို သင်တန်းများကို တက်ခြင်းဖြင့် သင်တန်းမှရရှိလာမည့် နည်းစနစ်နှင့် ကျွမ်းကျင်မှုများကို အခြေခံပြီး အဆင့်မြင့် အားကစားပညာရပ်များကို ဆက်လက်လေ့လာ လိုက်စားကြရန် ရှမ်းပြည်နယ်၏ ဂုဏ်ဆောင်နိုင်ငံတော်၏ ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာအောင် ဆက်လက်ကြိုးစားကြရန် ပြောကြားသည်။
ဆက်လက်၍ အားကစားသမားများမှ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် သင်တန်းသား၊ သင်တန်းသူများအား လိုက်လံနှုတ်ဆက်၍ သင်တန်းနည်းပြဆရာများ၊ သင်တန်းဆင်းလက်မှတ်၊ နွေရာသီအခြေခံအားကစားအလိုက် ထူးချွန်ဆုများ ရရှိသူနှင့် ဘင်ခရာတပ်ဖွဲ့၊ ပေါမူလမ်းပြကြယ် နွေရာသီအခြေခံ ဘောလုံးသင်တန်းမှ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မန္တလေးဘောလုံး အကယ်ဒမီကျောင်းတွင် တက်ရောက်ခွင့်ရရှိပြီး U-12၊ U-13၊ U-11 မြန်မာလက်ရွေးစင်အဖြစ် ရွေးချယ်ခံသူရများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က အသီးသီးဆုများ ချီးမြှင့်ပေးကြပြီး သင်တန်းသား၊ သင်တန်းသူများမှ မြန်မာသိုင်း၊ တိုက်ကွမ်ဒိုတို့ဖြင့် သရုပ်ပြသကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး