တောင်ကြီး မတ်-၈
အမျိုးသမီးများ၏အခွင့်အရေးနှင့် စွမ်းဆောင်နိုင်မှုများကို ပိုမိုအာရုံစိုက်မိလာစေရန်နှင့် အရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးနက်ထားအကောင်အထည်ဖော်လာစေရန် ရည်ရွယ်ပြီး မတ်(၈)ရက်နံနက်(၉)နာရီခွဲက အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ၂၀၂၅ခုနှစ်အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဆောင်ပုဒ်က “တန်းတူအခွင့်အရေးရရှိဖို့ အမျိုးသမီးများစွမ်းရည်မြှင့်တင်စို့´´ (For ALL Women and girls Rights, Equality Empowerment)ဖြစ်ပါကြောင်း၊ ဆောင်ပုဒ်၏ရည်ရွယ်ချက်အရ ကျား၊ မ တန်းတူညီမျှမှုရရှိရေးအတွက် အမျိုးသမီးနှင့်မိန်းကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေးလက်လှမ်းမီရရှိပြီး စီးပွားရေးမှာပိုမိုပါဝင်လာစေမည့် နည်းလမ်းများကို စူးစမ်းလေ့လာကြရန်နှင့် စွမ်းရည်မြှင့်တင်ပေးရန် တိုက်တွန်းပြောကြားလိုကြောင်း၊ နိုင်ငံတကာမှာ ကဏ္ဍအသီးသီး၏ဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ရွက်နိုင်ခဲ့ကြပြီး အမျိုးသမီးများ စီးပွားရေးကဏ္ဍတွင် တန်းတူပါဝင်ခွင့်ရရှိရန်အတွက် အခက်အခဲများစွာကို သိသိသာသာရင်ဆိုင် ကြုံတွေ့နေရဆဲဖြစ်ကြောင်းကို ကမ္ဘာ့နိုင်ငံအားလုံး သတိပြုမိစေရန် ဆောင်ပုဒ်နှင့်အသိပေးနှိုးဆော်ခြင်း ဖြစ်ကြောင်း၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်ဆိုင်ရာအခွင့်အလမ်းများ၊ ငွေရေးကြေးရေးဆိုင်ရာဝန်ဆောင်မှုများနှင့် စာတတ်မြောက်မှုတို့ တန်းတူညီမျှလက်လှမ်းမီမှုရရှိပါက ကျား၊ မ တန်းတူညီမျှမှုကိုရရှိနိုင်ကြောင်း ဆောင်ပုဒ်က မီးမောင်းထိုးပြခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်အမျိုးသမီးကော်မတီအတွင်းရေးမှူး၊ ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူးက ရှမ်းပြည်နယ်အတွင်းရှိ အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြပြီး Video Clip ပြသ၍ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး