တောင်ကြီး သြဂုတ်-၂၄
သန့်ရှင်း၍ ကျန်းမာရေးနှင့် ညီညွတ်သော ကျောင်းပတ်ဝန်းကျင်များ ပေါ်ထွန်းလာစေရေးနှင့် ရေရှည်တည်တံ့စေရေးအတွက် အထောက်အကူများရစေရန် ရည်ရွယ်ချက်များဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှုားမှု အထိမ်းအမှတ်ကို သြဂုတ်(၂၄)ရက် နံနက် (၉)နာရီခွဲက တောင်ကြီးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က နိုင်ငံအတွက်အရေးပါသော ကျောင်းသားလူငယ်များကို အနာဂတ်တွင် စွမ်းရည်ပြည့်စုံသည့် နိုင်ငံသားကောင်းများ ဖြစ်လာစေရန် ရည်မှန်းပြီး ယခုနှစ်အတွက် ဆောင်ပုဒ်ကို “ဗလငါးတန်ဖွံ့ဖြိုးရေး ကျောင်းကျန်းမာရေးအလေးပေး´´ ဟူ၍သတ်မှတ်ထားပါကြောင်း၊ ကျောင်းများမှတဆင့် အသိပညာပေးလိုက်သည့် ကျန်းမာရေးသတင်းစကားများ၊ လေ့ကျင့်သင်ကြားပေးလိုက်သည့် ကျန်းမာရေးနဲ့ညီညွတ်သော အလေ့အကျင့်ကောင်းများသည် ကျောင်းသားလူငယ်များကတစ်ဆင့် မိဘပြည်သူလူထုအတွင်းသို့ ရောက်ရှိနိုင်မှာဖြစ်ပါကြောင်း၊ ကျောင်းကျန်းမာရေး လုပ်ငန်းကို တစ်မျိုးသားလုံး၏ ကျန်းမာရေး အဆင့်အတန်းမြင့်မားစေရန် ဦးတည်ပြီး ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ကျောင်းသားလူငယ်များ၏ ကျန်းမာရေးအဆင့်အတန်း မြင့်မားစေရန်နှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ပြီး ဘေးကင်းလုံခြုံစိတ်ချနိုင်စေရန် ပညာရေးဌာနအနေဖြင့် အခြေခံ အဆောက်အဦများ၊ လိုအပ်သည့်အထောက်အပံ့များ ဖြည့်ဆည်းပေးရန် လိုအပ်ပါကြောင်း၊ ထို့အတူ ကျန်းမာရေးဌာနအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့် နည်းပညာများ ထောက်ပံ့ခြင်းတို့ကို အားဖြည့်ဆောင်ရွက်ခြင်းဖြင့် ကျောင်းသား၊ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ပြီး ဗလငါးတန်ပြည့်ဝသည့် လူငယ်များပေါ်ထွန်း လာမှာ ဖြစ်ပါကြောင်း၊ ကျောင်းသားလူငယ်များ ကျန်းမာရေးပြည့်စုံကောင်းမွန်နေရုံသာမက ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များမွေးထုတ်နိုင်ရန်အတွက် ကျောင်းသား၊ကျောင်းသူများအပါအဝင် ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ အခြားနှီးနွယ်ဌာနများ၊ အဖွဲ့အစည်းများ၊ မိဘပြည်သူလူထုအားလုံးတို့ ပူးပေါင်းပြီး ဆောင်ရွက်ပေးကြရန်ပြောကြားသည်။
ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသ ရေးဦးစီးဌာနမှူး ဒေါက်တာ ဝင်းနိုင်ကကျောင်း ကျန်းမာရေးလုပ်ငန်းများအား ရှင်းလင်းတင်ပြပြီး ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ်Video Clip ပြသ၍ ကျန်းမာရေးအဆင့်မြှင့် ကျောင်းတည်ထောင်မှု ပြည်နယ်အဆင့် ထူးချွန်ဆုရကျောင်းများအား ဆုချီးမြှင့်ရာ အထက်တန်းအဆင့် ပထမ၊ဒုတိယ၊တတိယ၊စတုတ္ထ၊ပဥ္စမ ဆုရရှိသည့်ကျောင်းများအားပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ဆုများပေးအပ်ချီးမြှင့်ပြီး အလယ်တန်းအဆင့် ပထမ၊ဒုတိယ၊ တတိယ၊စတုတ္ထ၊ပဥ္စမဆုရရှိသည့်ကျောင်းများကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က လည်းကောင်း၊ မူလတန်းအဆင့် ပထမ၊ဒုတိယ၊တတိယ၊စတုတ္ထ၊ပဥ္စမ ဆုရသည့် ကျောင်းများကိုပြည်နယ်လူမှုရေးရာဝန်ကြီးက လည်းကောင်းဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးဒေါက်တာ ဝင်းနိုင်နှင့် ပြည်နယ် ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ယဥ်မင်းစုတို့က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြပြီး အ.ထ.က(၁) ကျောင်းသူများက “Exercise is Medicine´´သီချင်းဖြင့် သရုပ်ဖော် တင်ဆက်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသား၊ကျောင်းသူများအား သံဓာတ်အားဖြည့် ဆေးပြားများ တိုက်ကျွေးခြင်း၊KG ကျောင်းသား၊ကျောင်းသူများအား ကြက်ဥ၊ဌက်ပျောသီး၊ပေါင်မုန့်များ ပေးဝေကြပြီး ဆယ်ကျော်သက်လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဉ်ဖြင့် ကျောင်းသားအချင်းချင်း သက်ရွယ်ဆင့်တူ အသိပညာပေးခြင်းဆောင်ရွက်နေမှု အားလည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူများ နည်းစနစ်မှန်သွားတိုက် တတ်စေရန် အသိပညာပေးနေမှုအားလည်းကောင်း၊ ခြင်ကျား ပိုးလောက်လန်းကင်းစင်ကျောင်း (Larva Free School)များ ထူထောင်ရေးအတွက် ကျောင်းသားလူငယ် များမှ အေးဒီးစ် ခြင်ကျားပိုးလောက်လန်း ကာကွယ်နှိမ်နင်းရေးနှင့် ပတ်သက်၍ ကျန်းမားရေး အသိပညာပေး အစီအစဥ်အားလည်းကောင်း၊ ကျောင်းသား၊ကျောင်းသူကလေးများ၏ ကျောင်းတွင်း အာဟာရ ဖွံ့ဖြိုးရေးအတွက် အာဟာရမျှတစွာ စားသုံးတတ်စေရန် အစာအုပ်စု (၃)အုပ်စုပါဝင်အောင် ရွေးချယ်စားသုံးမှု သရုပ်ပြသခြင်းအားလည်းကောင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့