တောင်ကြီး မတ်-၁၀
စားသုံးသူများ၏အကျိုးစီးပွားကို ပိုမိုအာရုံစိုက်မိလာစေရန်နှင့် စားသုံးသူများအခွင့်အရေးများကို အလေးထား လိုက်နာ အကောင်အထည်ဖော်စေနိုင်ရန် ရည်ရွယ်၍ မတ်(၁၀)ရက်နေ့နံနက်(၉)နာရီခွဲ ကမ္ဘ့ာစားသုံးသူအခွင့်အရေး များနေ့ အထိမ်းအမှတ်အခမ်းအနားကို တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အထိမ်းအမှတ်အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အပြည်ပြည်ဆိုင်ရာစားသုံးသူများအဖွဲ့ (Consumers InternationalCI)ကလည်း ကမ္ဘ့ာနိုင်ငံများမှာ စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်ပြီး အလေးအနက်ထား ဆောင်ရွက်နိုင်ရန်အတွက် နှစ်စဥ်ဆောင်ပုဒ်တစ်ရပ်ကို သတ်မှတ်ထုတ်ပြန်ပေးလျက်ရှိခဲ့ရာ ယခုနှစ်ကမ္ဘ့ာစားသုံးသူအခွင်းအရေးများနေ့ ဆောင်ပုဒ်အဖြစ် “လူနေမှုဘဝ အစဥ် တည်တံ့ဖို့မျှတ အသွင်ကူးပြောင်းစို့ (A Just Transition to Sustainable Lifestyles) သတ်မှတ်ပေးခဲ့ပါ ကြောင်း၊ မျှတသောကူးပြောင်းမှုသည် လူသားများနှင့်သဘာဝပတ်ဝန်းကျင်အား ထိခိုက်စေသည့်စွမ်းအင်အသုံးပြုမှု၊ စက်မှုလုပ်ငန်းဆောင်ရွက်မှုနှင့် အသက်မွေးဝမ်းကြောင်း ဆောင်ရွက်မှုတို့ကို စားသုံးသူတို့၏လူနေမှုစနစ်များအား ထိခိုက်စေမှုမရှိသောပုံစံဖြင့် ပြောင်းလဲခြင်းဖြစ်ပြီး လူ့ဘောင်လောကဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်မြဲရေးတို့ကို အတူတကွယှဥ်တွဲဖြစ်ပေါ်လာအောင် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မျှတသော ကူးပြောင်းမှုတွင် ပထမဦးစွာပါဝင်သင့်သူမှာ လုပ်ငန်းရှင်များဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့် နေ့စဥ်ကုန်ထုတ်လုပ်မှု၊ ကုန်စည်ဖြန့်ဖြူးမှုနှင့် ဝန်ဆောင်မှုများဆောင်ရွက်ရာတွင် စားသုံးသူများနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချနိုင်မည့်(သို့မဟုတ်)လုံးဝထိခိုက်မှုမဖြစ်ပေါ်စေမည့် နည်းလမ်းများဖြင့် ထုတ်ကုန်များကိုပြောင်းလဲ ထုတ်လုပ်ခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးခြင်းဖြင့် နေ့စဥ်လူနေမှုဘဝတည်တံ့မှုကို အထောက်အကူပြုသော သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသည့်ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ဖန်တီးပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ Video Clipပြသပြီး ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးရွှေဖြူက စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍ ရှင်းလင်းကြောင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခန်းမအတွင်း စားသုံးသူကာကွယ်ရေး အသိပညာပေးပြခန်း၊ ရှမ်းပြည်နယ်အတွင်း ဒေသထွက်ကုန်များနှင့် တန်ဖိုးမြှင့်ထုတ်ကုန်ပြခန်းများအား လှည့်လည် ကြည့်ရှုကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး